ဩဂုတ် ၂၁ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင်သုံးယောက်အပါအဝင် ငါးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
” အသတ်ခံရတဲ့အထဲမှာ မိသားစုဝင်သုံးယောက်က လင်မယားနှစ်ယောက်နဲ့ သူ့ယောက္ခမပါ ။ နောက်ထပ်နှစ်ယောက်ကတော့ အဲဒီရွာကပဲ ။ ဒဏ်ရာတွေက ခေါင်းနဲ့ဗိုက်မှာ အများဆုံးတွေ့ရတယ်။ စဥ့်ကူးဘက်က ခုကတည်းက လုံခြုံရေး နိုင်ထားဖို့လိုတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
အသတ်ခံခဲ့ရသူတွေကတော့ ဦးထွန်းထွန်းဝင်း နဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း ၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင် ၊ ကျေးရွာနေထိုင်သူ ကိုရှမ်းလေး၊ ကိုထွန်းမြင့်အောင်တို့ ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အမျိုးသားနှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။
ဦးထွန်းထွန်းဝင်းတို့မိသားစုဟာ အုပ်ချုပ်ရေးအဖွဲ့လည်းမဟုတ်သလို ဝန်ထမ်းတွေလည်းမဟုတ်ဘူးလို့သိရပြီး အစိုးရကို သတင်းပေးတယ်ဆိုတဲ့ သံသယနဲ့ ခုလိုဖြစ်ရပ်ကြုံရတာလို့ နီးစပ်သူတွေကဆိုပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ ညပိုင်း ၇ နာရီကျော်လောက်ကလည်း စဥ့်ကူးမြို့နယ် ၊ နွယ်ရုံ ကျေးရွာက အမျိုးသားငါးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှု ရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူဇူလိုင် ၈ ရက်နေ့ကလည်း.စဥ့်ကူးမြို့နယ်ထဲက ရွှေဒုံးကျေးရွာအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေး မှူးနှစ်ယောက်ကိုလည်း.ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သတ်ဖြတ်မှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ
