မန္တလာ ဆရာမျိုး
ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြပြီး Viber, Messenger, Telegram စသည့် ဆက်သွယ်ရေး App များကို နေ့စဉ်အသုံးပြုနေကြသည်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အလွန်အဆင်ပြေသကဲ့သို့ လူမသိသူမသိများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်လာသည်။ နည်းပညာ၏ အကျိုးကျေးဇူးများ များပြားသလောက် ယင်းနည်းပညာကို အသုံးချ၍ လူများကို လိမ်လည်ငွေကြေးရယူသူများလည်း တစ်နေ့တခြား များပြားလာနေသည်။
တစ်နေ့တွင် Viber မှ မသိသောဖုန်းနံပါတ်တစ်ခုက
“Hi”
“မင်္ဂလာပါ”
“စကားပြောလို့ရမလား”
“မိတ်ဆွေဖြစ်ချင်လို့ပါ”
“ဒီနံပါတ်ကို မှားပို့မိတာပါ”
“မိတ်ဆွေတစ်ယောက်ရဲ့ နံပါတ်ထင်လို့ ဆက်သွယ်မိတာပါ”
ဟု စာတစ်ကြောင်း ရောက်လာနိုင်သည်။
ကြည့်လိုက်လျှင် ဘာမှထူးခြားပုံမရ။ သာမန်နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်သည်။ မိမိကလည်း လူမှုရေးအရ “Hi” ဟု ပြန်ဖြေလိုက်မိနိုင်သည်။ သို့သော် ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှုအချို့သည် ထိုကဲ့သို့ ဘာမျှမထူးခြားသော စကားတစ်ခွန်းမှပင် စတင်လာတတ်သည်။
အွန်လိုင်းလိမ်လည်သူများသည် စကားစပြောပြောချင်း “ငွေလွှဲပေးပါ” ဟု မတောင်းကြပါ။ ထိုသို့တောင်းလျှင် မိမိသံသယဝင်ပြီး Block လုပ်မည်ကို သူတို့သိကြသည်။ ထို့ကြောင့် ပထမဆုံး သူတို့လိုချင်သည့်အရာမှာ ငွေမဟုတ်သေးဘဲ မိမိ၏ယုံကြည်မှု ဖြစ်သည်။
“ဘယ်မှာနေတာလဲ”
“ဘာအလုပ်လုပ်တာလဲ”
“အသက်ဘယ်လောက်ရှိပြီလဲ”
“မိသားစုနဲ့ နေတာလား”
“ဒီနေ့အလုပ်ပင်ပန်းလား”
စသည့် သာမန်စကားများဖြင့် စတင်တတ်သည်။
တစ်ရက်၊ နှစ်ရက်၊ တစ်ပတ် စသဖြင့် နေ့စဉ်လိုလို စကားပြောလာသည်။ “မနက်စာစားပြီးပြီလား”၊ “ကျန်းမာရေးဂရုစိုက်နော်”၊ “Good morning”၊ “Good night” စသည့် စကားများကို ပုံမှန်ပို့လာနိုင်သည်။ ထိုသို့ အချိန်ယူ၍ ရင်းနှီးမှုတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိဘက်မှ “ဒီလူက လူကောင်းတစ်ယောက်ပါ” ဟု ယုံကြည်လာစေရန် ဖြစ်နိုင်သည်။
တချို့က အမျိုးသား၊ အမျိုးသမီး ချစ်ခင်ရင်းနှီးမှုကို အသုံးချတတ်ကြသည်။ Profile တွင် ရုပ်ရည်ချောမောလှပသူတစ်ဦး၏ ဓာတ်ပုံတင်ထားနိုင်သည်။ မိမိကိုယ်ကို နိုင်ငံခြားတွင် နေထိုင်သူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုမ္ပဏီဝန်ထမ်း စသဖြင့် ယုံကြည်စရာကောင်းသည့် နောက်ခံဇာတ်ကြောင်းတစ်ခု ဖန်တီးထားနိုင်သည်။ သို့သော် Profile ဓာတ်ပုံက သူ့ပုံအစစ်ဟုတ်မဟုတ်၊ နာမည်က နာမည်အစစ်ဟုတ်မဟုတ်၊ ပြောပြနေသည့် အလုပ်အကိုင်နှင့် ဘဝအကြောင်းများက အမှန်ဟုတ်မဟုတ် မိမိမသိနိုင်ပါ။
ယနေ့တွင် အခြားသူများ၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ခိုးယူအသုံးပြုခြင်းအပြင် Artificial Intelligence (AI ဉာဏ်ရည်တုနည်းပညာ) ဖြင့် ဓာတ်ပုံ၊ အသံနှင့် ဗီဒီယိုများကိုပင် အတုဖန်တီးနိုင်လာပြီဖြစ်သည်။ ထို့ကြောင့် “ဓာတ်ပုံပြထားလို့ အစစ်ပဲ”၊ “အသံနဲ့ပြောဖူးလို့ ယုံရပြီ” ဟူ၍ အလွယ်တကူ မဆုံးဖြတ်သင့်တော့ပေ။
ယုံကြည်မှုတစ်ခု ရရှိလာပြီဆိုလျှင် နောက်တစ်ဆင့်ကို စတင်တတ်ကြသည်။
“အပိုဝင်ငွေရအောင် ကူညီပေးမယ်”
“ဒီ Investment က အမြတ်ကောင်းတယ်”
“Crypto အရောင်းအဝယ်လုပ်ရင် ပိုက်ဆံရတယ်”
“Online job လေးတစ်ခုရှိတယ်”
“ပစ္စည်းတွေကို Like လုပ်ပေးရုံနဲ့ Commission ရတယ်”
“Task လေးတွေလုပ်ပြီး ငွေရှာလို့ရတယ်”
စသဖြင့် ငွေကြေးနှင့်ပတ်သက်သည့် အခွင့်အရေးများကို စတင်ပြောလာနိုင်သည်။
ထိုအခါ အထူးသတိထားသင့်ပြီဖြစ်သည်။
လိမ်လည်မှုအချို့တွင် အစပိုင်း ငွေအနည်းငယ်သာ ထည့်ခိုင်းပြီး အမြတ်အနည်းငယ် အမှန်တကယ် ပြန်ပေးတတ်သည်။ ဥပမာ ငွေအနည်းငယ်ထည့်ပြီး မကြာမီ အမြတ်ပါပြန်ရလာသောအခါ “တကယ်ရတာပဲ” ဟု မိမိယုံကြည်လာမည်။ ထိုအချိန်တွင် ပိုများသည့်ငွေပမာဏ ထည့်ရန် ဆွဲဆောင်လာသည်။ မိမိက ငွေများများ ထည့်ပြီးသည့်အခါမှ ငွေပြန်ထုတ်မရတော့ခြင်း၊ “အခွန်ပေးရမယ်”၊ “Account unlock လုပ်ဖို့ ငွေသွင်းရမယ်”၊ “Withdrawal fee ပေးရမယ်” စသဖြင့် ငွေထပ်တောင်းလာခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
“ဆုံးရှုံးထားတဲ့ငွေ ပြန်ရဖို့ ဒီတစ်ခါပဲ ထပ်သွင်းရမယ်” ဟု ယုံပြီး ထပ်မံငွေလွှဲမိလျှင် ဆုံးရှုံးမှုက ပိုမိုကြီးမားလာနိုင်သည်။
တချို့လိမ်လည်မှုများကတော့ ချစ်ခင်မှုနှင့် သနားကြင်နာမှုကို အသုံးချသည်။ အချိန်ကြာကြာ စကားပြောပြီး အလွန်ရင်းနှီးလာသည့်အခါ “အရေးပေါ်ငွေလိုနေတယ်”၊ “မတော်တဆဖြစ်လို့ ဆေးရုံတက်နေရတယ်”၊ “နိုင်ငံခြားက လက်ဆောင်ပို့ထားတာ Customs မှာ ပိတ်နေတယ်”၊ “ပစ္စည်းထုတ်ဖို့ အခွန်ပေးရမယ်” စသဖြင့် အကြောင်းပြကာ ငွေတောင်းလာနိုင်သည်။
ထို့အပြင် မိမိသိကျွမ်းသူ၏ Social Media Account ကို ခိုးယူပြီး မိတ်ဆွေကိုယ်တိုင် စာပို့သကဲ့သို့ “ငွေနည်းနည်း အရေးပေါ်လွှဲပေးပါ” ဟု တောင်းဆိုသည့် လိမ်လည်မှုများလည်း ရှိသည်။ ထို့ကြောင့် ကိုယ်တကယ်သိသောသူ၏ Account မှ စာရောက်လာခြင်းဖြစ်သော်လည်း ငွေကြေးနှင့်ပတ်သက်လာလျှင် ယခင်သိထားသည့် ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ပြီး အတည်ပြုသင့်သည်။
အွန်လိုင်းလိမ်လည်မှုတွင် နောက်ထပ်သတိထားရမည့်အရာမှာ Link များ ဖြစ်သည်။
“ဒီပုံကိုကြည့်ပါ”
“ဒီမှာ Vote လုပ်ပေးပါ”
“သင် ဆုရထားပါတယ်”
“Parcel ရောက်နေပါတယ်”
“Account ပိတ်တော့မှာမို့ အတည်ပြုပါ”
ဟုဆိုကာ Link တစ်ခု ပို့လာနိုင်သည်။ မိမိက နှိပ်လိုက်သောအခါ ဘဏ်၊ လူမှုကွန်ရက် သို့မဟုတ် အခြားဝန်ဆောင်မှုတစ်ခု၏ စာမျက်နှာအစစ်နှင့် ဆင်တူသည့် စာမျက်နှာအတုသို့ ရောက်သွားနိုင်သည်။ ထိုနေရာတွင် Username၊ Password သို့မဟုတ် ဘဏ်အချက်အလက်များ ဖြည့်မိလျှင် မိမိ၏ Account ကို ခိုးယူခံရနိုင်သည်။
အထူးသဖြင့် OTP (One-Time Password တစ်ကြိမ်သုံးလျှို့ဝှက်ကုဒ်) ကို မည်သူ့ကိုမျှ မပေးသင့်ပါ။ Password၊ PIN၊ ဘဏ်အကောင့်အချက်အလက်၊ Card Number၊ CVV နှင့် အရေးကြီးသော ကိုယ်ရေးအချက်အလက်များကိုလည်း စာတို၊ ဖုန်း သို့မဟုတ် Chat မှ တောင်းလာသူအား မပေးသင့်ပေ။ “ဘဏ်ကပါ”၊ “Customer Service ကပါ”၊ “Account စစ်ဆေးဖို့ပါ” ဟု မည်သို့ပင် ပြောလာစေကာမူ မိမိထံရောက်လာသည့် လျှို့ဝှက်ကုဒ်များကို တောင်းခံလာပါက သံသယထားရမည်။
အွန်လိုင်းလိမ်လည်သူများ၏ အားအကောင်းဆုံးလက်နက်မှာ ကွန်ပျူတာနည်းပညာတစ်ခုတည်း မဟုတ်ပါ။ လူ့စိတ်သဘောထားကို အသုံးချတတ်ခြင်း ဖြစ်သည်။
လူ၏ လောဘကို အသုံးချ၍ “အချိန်တိုအတွင်း အမြတ်အများကြီးရမယ်” ဟု ပြောသည်။
ကြောက်စိတ်ကို အသုံးချ၍ “အခုမလုပ်ရင် Account ပိတ်သွားမယ်” ဟု ခြိမ်းခြောက်သည်။
သနားစိတ်ကို အသုံးချ၍ “အရေးပေါ်အကူအညီလိုနေတယ်” ဟု ပြောသည်။ အထီးကျန်မှုကို အသုံးချ၍ ချစ်ခင်ကြင်နာသူတစ်ဦးကဲ့သို့ အချိန်ပေးစကားပြောသည်။ အလျင်လိုစိတ်ကို အသုံးချ၍ “အခုချက်ချင်းလုပ်မှ ရမယ်” ဟု ဖိအားပေးသည်။
ထို့ကြောင့် အွန်လိုင်းပေါ်တွင် မမျှော်လင့်ဘဲ လူစိမ်းတစ်ဦး ဆက်သွယ်လာသောအခါ “သူပြောတာ မှန်သလား” ဟုသာ စဉ်းစားခြင်းထက် “ဒီလူက ဘာကြောင့် ကျွန်တော့်ကို ဆက်သွယ်လာတာလဲ” ဟုလည်း မေးခွန်းထုတ်သင့်သည်။
တစ်ခါမျှ မတွေ့ဖူးသောသူတစ်ဦးက ရက်ပိုင်းအတွင်း အလွန်အကျွံ ချစ်ခင်ပြနေခြင်း၊ မတောင်းဘဲ ငွေရှာနည်းလာသင်ပေးခြင်း၊ အမြတ်အစွန်းကောင်းသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အတင်းတိုက်တွန်းခြင်း၊ အမြန်ဆုံးငွေလွှဲရန် ဖိအားပေးခြင်း၊ စကားပြောနေသည့်ကိစ္စကို မိသားစုနှင့် မတိုင်ပင်ရန် ပြောခြင်း၊ မသိသော Link နှိပ်ခိုင်းခြင်း၊ OTP သို့မဟုတ် Password တောင်းခြင်းတို့သည် သတိထားရမည့် အချက်များဖြစ်သည်။
သံသယဖြစ်လာပါက လိမ်လည်သူဟုတ်မဟုတ် သိချင်၍ စကားဆက်ပြောနေခြင်းထက် စာပြန်မပို့တော့ဘဲ Block နှင့် Report ပြုလုပ်ခြင်းက ပို၍လုံခြုံသည်။ ငွေလွှဲမည့်ကိစ္စဖြစ်ပါက ချက်ချင်းမလွှဲဘဲ အချိန်ယူစဉ်းစားပါ။ မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် ယုံကြည်ရသူတစ်ဦးကို ပြသတိုင်ပင်ပါ။ လိမ်လည်သူက မိမိကို အမြန်ဆုံးဆုံးဖြတ်စေချင်လေ၊ မိမိက ပို၍နှေးနှေးဆုံးဖြတ်သင့်လေ ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုကို ရှောင်ရှားရာတွင် “မလောခြင်း” သည်ပင် အရေးကြီးသော ကာကွယ်ရေးတစ်ခု ဖြစ်သည်။
မိမိ၏ Social Media Account များကိုလည်း လုံခြုံအောင်ထားသင့်သည်။ မွေးသက္ကရာဇ်အပြည့်အစုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ မိသားစုအကြောင်း၊ ဘဏ်နှင့်ပတ်သက်သည့်အချက်အလက်များ စသည့် ကိုယ်ရေးအချက်အလက်များကို လူတိုင်းမြင်နိုင်အောင် မတင်သင့်ပါ။ Account တိုင်းတွင် Password တစ်ခုတည်း အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး ခိုင်မာသည့် Password များအသုံးပြုကာ Two-Factor Authentication (အဆင့်နှစ်ဆင့် အတည်ပြုစနစ်) ကို ဖွင့်ထားသင့်သည်။
အကယ်၍ မတော်တဆ လိမ်လည်ခံရပြီး ငွေလွှဲပြီးသွားပါက အရှက်ကြောင့် ဖုံးကွယ်မထားသင့်ပါ။ အချိန်သည် အရေးကြီးသည်။ မိမိအသုံးပြုသည့် ဘဏ် သို့မဟုတ် ငွေပေးချေမှုဝန်ဆောင်မှုကို အမြန်ဆုံး ဆက်သွယ်အသိပေးသင့်သည်။ လိမ်လည်သူနှင့် ပြောဆိုထားသည့် Message များ၊ ဖုန်းနံပါတ်များ၊ Account Name များ၊ ငွေလွှဲမှတ်တမ်းများ၊ Link များနှင့် Screenshot များကို မဖျက်ဘဲ သက်သေအဖြစ် သိမ်းဆည်းးထားသင့်သည်။ Password သို့မဟုတ် အရေးကြီးသော အချက်အလက်တစ်ခုခု ပေးမိပါက Password များကို ချက်ချင်းပြောင်းပြီး သက်ဆိုင်ရာ Account များ၏ လုံခြုံရေးကို စစ်ဆေးသင့်သည်။
အရေးကြီးဆုံးက မိသားစုအတွင်းရှိ သက်ကြီးရွယ်အိုများ၊ နည်းပညာနှင့် မရင်းနှီးသူများကိုလည်း ယခုလို လိမ်လည်နည်းများအကြောင်း ပြောပြထားရန်ဖြစ်သည်။ “မသိတဲ့လူ စာပို့လာရင် မပြန်နဲ့” ဟု ပြောရုံမျှမက ငွေတောင်းခြင်း၊ အမြတ်ရမည်ဟု ဆွဲဆောင်ခြင်း၊ Link နှိပ်ခိုင်းခြင်း၊ OTP တောင်းခြင်းတို့ ဖြစ်လာလျှင် မည်သို့လုပ်ရမည်ကိုပါ ကြိုတင်ရှင်းပြထားသင့်သည်။
နည်းပညာတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်နည်းများလည်း ပိုမိုပညာသားပါလာမည်ဖြစ်သည်။ ယခင်က မယုံလောက်သည့် လိမ်လည်မှုများသည် ယခုအခါ ဓာတ်ပုံ၊ အသံ၊ ဗီဒီယို၊ အတုအယောင် Website နှင့် အတုအယောင်အထောက်အထားများကြောင့် အစစ်နှင့် အတု ခွဲခြားရန် ပိုမိုခက်ခဲလာနိုင်သည်။ ထို့ကြောင့် နည်းပညာအသစ်တိုင်းကို သိရှိရန်ထက် အခြေခံသတိတရားကို အမြဲထားရှိခြင်းက ပို၍အရေးကြီးသည်။
မသိသူထံမှ “Hi” တစ်လုံးရောက်လာတိုင်း လိမ်လည်သူဟု သတ်မှတ်၍မရပါ။ သို့သော် “Hi” တစ်လုံးမှ စတင်ပြီး မိတ်ဆွေဖြစ်လာကာ ယုံကြည်မှုရယူပြီး နောက်ဆုံးတွင် မိမိ၏ ငွေ၊ ကိုယ်ရေးအချက်အလက်၊ OTP၊ Password သို့မဟုတ် Account ကို ရယူရန် ကြိုးစားလာနိုင်သည်ကိုတော့ မမေ့သင့်ပါ။
မသိသူနှင့် အွန်လိုင်းမှာ ရင်းနှီးလာလျှင် ယုံကြည်မှုမပေးမီ စစ်ဆေးပါ။ ငွေမလွှဲမီ ထပ်မံအတည်ပြုပါ။ မသိသော Link ကို မနှိပ်ပါနှင့်။
OTP နှင့် Password ကို မည်သူ့ကိုမျှ မပေးပါနှင့်။ အလွန်ကောင်းလွန်းသည့် အခွင့်အရေးတစ်ခု ရောက်လာလျှင် အရင်ဆုံး သံသယထားပါ။
အွန်လိုင်းလိမ်လည်သူများ ရှာဖွေနေသည့်အရာမှာ မိမိ၏ ငွေတစ်ခုတည်း မဟုတ်ပါ။ ငွေဆီသို့ ရောက်ရှိစေမည့် မိမိ၏ “ယုံကြည်မှု” ကို အရင်ဆုံး ရှာဖွေနေကြခြင်း ဖြစ်သည်။
ထို့ကြောင့် အွန်လိုင်းလောကတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကောင်းဆုံးသော စကားလေးတစ်ခွန်းကို မှတ်ထားကြပါစို့။
“မယုံခင် စစ်ဆေးပါ၊ မလွှဲခင် အတည်ပြုပါ။”
မန္တလာ ဆရာမျိုး
