လွှတ်တော်နေရာနဲ့ မဲပေးစနစ်

SS (VOM)
လွှတ်တော် အသီးသီးအတွက် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာ့သမိုင်းမှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ ကြားဖြတ်​ရွေး​ကောက်ပွဲ​သေး​တွေကို ထည့်သွင်း​ရေတွက်မထားပါဘူး။
ထူးခြားချက်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ အရင် မဲပေးစနစ်ဖြစ်တဲ့ အနိုင်ရသူ အကုန်ယူစနစ် (First Past the Post System – FPTP) အပြင် ရောနှောထားတဲ့ ကိုယ်စားလှယ် အချိုးကျစနစ် (Mix Member Proportional System – MMP) ကိုလည်း ပူးတွဲ အသုံးပြုမှာ ဖြစ်ပါတယ်။
MMP စနစ်ဟာ FPTP စနစ်နဲ့ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System – PR) ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ပြောင်းလဲထားတဲ့ ပုံစံအရ ပြည်သူ့လွှတ်တော် တခုတည်းမှာသာ အရင်စနစ်ဖြစ်တဲ့ FPTP စနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ် လွှတ်တော်တွေမှာတော့ MMP စနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
“အခု ရွေးကောက်ပွဲစနစ်က လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကျင့်သုံးနေတဲ့ စနစ်တွေပါ။ ဗြိတိန်နိုင်ငံနဲ့ တခြားနိုင်ငံ ၁၂၀ ကျော်တို့က FPTP စနစ်ကို ကျင့်သုံးကြတာ တွေ့ရပါတယ်။ တခြားနိုင်ငံ ၈၀ ကျော်ကတော့ PR စနစ်ဖြစ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးကြပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တို့ အုပ်ချုပ်တဲ့ လမ်းစဥ်ဖြစ်တဲ့ FPTP အနိုင်ရသူ အကုန်ယူစနစ်ကို ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) လက်ထပ် ပါလီမန် ဒီမိုကရေစီခေတ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်” လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ တယောက်က ပြောပါတယ်။
FPTP စနစ်ရဲ့ အားနည်းချက်ကတော့ တပါတီကြီးဆိုးရေး ဝါဒဖြစ်ပြီး အုပ်ချုပ်ရေးမှာ အာဏာရှင်ဆန်လာနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သာဓကတခု အနေနဲ့ကတော့ လွတ်လပ်ရေး ရပြီးချိန် ပါလီမန် ဒီမိုကရေစီစနစ်မှာ FPTP ကျင့်သုံးအနိုင်ရသူ ဖဆပလအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုရဲ့ ဖြစ်စဉ်ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ အစိုးရရဲ့ တဦးတယောက်တည်း သြဇာတည်ပြီး စီမံဆုံးဖြတ် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက အာဏာရှင်ဆန်ဆိုပြီး ပါတီတွင်းမှာ သဘောထား ကွဲလဲမှုတွေ ရှိခဲ့တယ်။ နောက်ဆုံး ဖဆပလ နှစ်ခြမ်း ကွဲရတဲ့အထိ သာဓကတွေလည်း ရှိခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
MMP စနစ်နဲ့ ပတ်သက်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကလည်း ဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် ပါတီငယ်တွေနဲ့ တိုင်းရင်းသား ပါတီတွေဟာ အချိုးကျ ကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်လောင်းတွေ ရရှိလာမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ FPTP စနစ် တမျိုးတည်းကို အသုံးပြုမယ်ဆိုပါက နိုင်သူအကုန်ယူ ဆိုတဲ့အတိုင်း ကိုယ်စားလှယ်နေရာ အများစုကို မဲအများဆုံးရရှိတဲ့ ပါတီကြီးတွေကသာ ရယူသွားမှာဖြစ်ပြီး လွှတ်တော်ထဲမှာ ပါတီကြီးတွေသာ ကြီးစိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“PR စနစ်နဲ့ ထိန်းညှိခြင်းက တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေအနေနဲ့ သူတို့ရရှိတဲ့မဲတွေ အလဟဿမဖြစ်ဘဲ အချိုးကျ ကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်နေရာတွေ ရရှိပြီး လွှတ်တော်နေရာတွေကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်” လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒနယ် စုစုပေါင်း ၈၃၃ နယ်မှ ကိုယ်စားလှယ် ၁၁၇၁ ယောက်ကို ရွေးကောက် တင်မြှောက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် FPTP မဲဆန္ဒနယ် ၃၃၀ နယ်မှ ကိုယ်စားလှယ် အယောက် ၃၃၀ ရွေးချယ်မှာပါ။ အမျိုးသားလွှတ်တော် အတွက်ကတော့ FPTP မဲဆန္ဒနယ် ၈၄ နယ်မှ ကိုယ်စားလှယ် ၈၄ ယောက်နဲ့ PR မဲဆန္ဒနယ် ၂၄ နယ်မှ ကိုယ်စားလှယ် ၈၄ ယောက် တင်မြှောက်သွားမှာပါ။
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေအတွက် FPTP မဲဆန္ဒနယ် ၃၂၂ နယ်မှ ကိုယ်စားလှယ် ၃၂၂ ယောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး PR မဲဆန္ဒနယ် ၄၂ နယ်မှ ကိုယ်စားလှယ် ၃၂၂ ယောက်၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်မှ ကိုယ်စားလှယ် ၂၉ ယောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဒါအပြင် ရွေးကောက်ပွဲတွေကိုလည်း တရက်တည်း မကျင်းပဘဲ အပိုင်း သုံးပိုင်းခွဲကာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၂) မှာ ပါဝင်တဲ့ မြို့နယ်ပေါင်း ၁၀၀ တို့ကို ကြေညာထားပြီး ဖြစ်ပါတယ်။ နောက်ထပ် ဆန္ဒမဲပေးရမယ့် နေ့ရက်ဟာ ဒုတိယအသုတ်နဲ့ နှစ်ပတ်ခြားမှာဆို​တော့ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်ဖြစ်နိုင်ပါတယ်။
တတိယအအသုတ်မြို့နယ်တွေရဲ့ စာရင်းကိုလည်း ဆက်လက်ထုတ်ပြန် ကြေညာသွားမှာ ဖြစ်တယ်လို့ UEC က အသိပေးထားပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ စုစုပေါင်း ၅၇ ခု ရှိနေတာပါ။ အဲဒီ ပါတီတွေအနက် ပြည်ထောင်စု တဝန်းလုံးမှာ မဲဆွယ်စည်းရုံးမယ့် ပါတီ ခြောက်ခုရှိတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ် တခုတည်းမှာသာ စည်းရုံးမယ့် ပါတီကတော့ အရေအတွက် ၅၁ ခု ရှိပါတယ်။
ပြည်ထောင်စု တဝန်းလုံး စည်းရုံးမယ့် ပါတီတွေကတော့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဖြစ်ပါတယ်။
လာမယ့် စနစ်သစ်နဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မဲရုံအားလုံးမှာ MEVM အီလက်ထရောနစ် မဲပေးစက်တွေနဲ့ ခလုတ်နှိပ်ပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတွေကတော့ အကျုံးဝင်တဲ့ မဲစာရင်းပါရှိရာ နေရာမှာ နည်းဥပဒေပါ နည်းလမ်းအတိုင်း တောင်းဆိုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်မှာ ဘောလ်ပင်နဲ့ အမှန် (Â) အမှတ်အသားပြုပြီး ကြိုတင်ဆန္ဒမဲ ပေးနိုင်ပါတယ်။
မဲဆန္ဒရှင်အနေနဲ့ ဆန္ဒမဲပေးရာမှာ ကြိုတင် မဲပေးခြင်းဖြစ်စေ၊ မဲပေးစက်နဲ့ မဲပေးခြင်းဖြစ်စေ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို တကြိမ်သာ ဆန္ဒပြုမဲပေးရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်က အရင်က ရွေးကောက်ပွဲတွေအတိုင်း ကိုယ်စားလှယ်လောင်းကို တကြိမ်ဆန္ဒမဲပေးရုံနဲ့ FPTP ကိုယ်စားလှယ်ရော PR ကိုယ်စားလှယ်အတွက်ပါ တဆက်တည်း ရွေးကောက် တင်မြှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ မဲရုံကို သွားရောက် မဲပေးရမယ့် နည်းလမ်းတွေကတော့ မဲရုံထဲမဝင်မီ မိမိရဲ့ မှတ်ပုံတင်ကို ပြရမှာဖြစ်ပါတယ်။ အဲဒီနောက် မဲစာရင်းစာအုပ်မှာ လက်မှတ်ထိုးရမှာပါ။ အဲဒါတွေပြီးရင်တော့ တတိယအဆင့်အနေနဲ့ ဆန္ဒပြုခန်းထဲ ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
ဆန္ဒပြုခန်းထဲ ရောက်ရှိပြီ ဆိုရင်တော့ ဆန္ဒပြုစက် ညာဘက်အပေါ်က မီးလုံး လင်းလာတဲ့အထိ စောင့်ဆိုင်းရမှာပါ။ မီးလုံး လင်းလာပြီ ဆိုရင်တော့ ပြည်သူ့လွှတ်တော်အတွက် မိမိ မဲပေးလိုတဲ့ ကိုယ်စားလှယ်ကို သေသေချာချာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်ပြီးပြီ ဆိုရင်တော့ မိမိ မဲပေးလိုတဲ့ ကိုယ်စားလှယ်ရဲ့ ညာဘက်တည့်တည့်က အပြာရောင်ခလုတ်ကို တကြိမ်နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဘယ်ဘက်ရှိ မဲပုံးပေါ်က စက်ကို ကြည့်ရမှာပါ။ အဲဒီကနေ မိမိ မဲပေးလိုက်တဲ့ ကိုယ်စားလှယ်ရဲ့ အမည်ပါရှိတဲ့ စက္ကူဖြတ်ပိုင်း ထွက်လာပါလိမ့်မယ်။ အဲဒီ ဖြတ်ပိုင်းလေးဟာ စက္ကန့် အနည်းငယ်လောက် ကြာတဲ့ အချိန်မှာတော့ မဲပုံးအတွင်း အလိုလျောက် ပြန်ကျသွားပါမှာ ဖြစ်ပါတယ်။
“အဲဒီ စာရွက်ကို ကြည့်ဖို့က ကြာချိန် ၃ စက္ကန့်လောက်သာ ရှိပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ သတိပြုရမှာက အဲဒီ ဖြတ်ပိုင်းလေးကို ဈေးဝယ်စင်တာတွေ ဈေးဝယ်သလိုမျိုး ယူသွားလို့ မရပါဘူး။ ဒါအပြင် မဲမပေးခင်၊ ခလုတ် မနှိပ်ခင်မှာ အရေးအကြီးဆုံး တချက်က ကိုယ်မဲပေးမယ့်သူကို သေသေချာချာ ရွေးချယ်ရမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ခလုတ် နှိပ်ပြီးပြီ ဆိုရင်တော့ ဆန္ဒပြု မဲပေးပြီးသွားပြီ ဖြစ်ပါတယ်။ အကယ်၍ မှားနှိပ်မိတယ် ဆိုပါကလည်း ပြန်လည် ပြင်ဆင်လို့ မရတော့သလို နောက်ထပ်လည်း ရွေးချယ်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။ ခလုတ် ပထမဆုံးနှိပ်တဲ့ တကြိမ်သာ တရားဝင် ဖြစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“နောက်ထပ် ထပ်နှိပ်နေမယ်ဆိုလည်း အရင်ဆုံး နှိပ်တဲ့အကြိမ်သာ စာရင်းဝင်သွားပြီ ဖြစ်တဲ့အတွက် ထူးမှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ခလုတ်မနှိပ်ခင် ကိုယ်မဲပေးရမယ့်သူကို သေသေချာချာ သတိပြု ရွေးချယ်ပေးဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ပြည်သူ့လွှတ်တော် နေရာအတွက် ဆန္ဒမဲ ပေးပြီးပြီ ဆိုရင်တော့ နောက်ထပ် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေအတွက် တကြိမ်စီ မဲပေးစက်နဲ့ ထပ်မံ မဲပေးရမှာ ဖြစ်ပါတယ်။ မဲပေးပြီးပြီ ဆိုရင်တော့ လက်သန်းကို မင်တို့ရမှာပါ။
“ဒီ ဆန္ဒမဲပေးတဲ့ နေရာမှာ မဲဘယ်နှစ်ကြိမ် ပေးရမှာလဲဆိုရင် သူ့ရဲ့ နယ်မြေဒေသအလိုက် ရှိတယ်ပေါ့။ ဥပမာ တိုင်းရင်းသားလူမျိုး ဖြစ်တယ်ဆိုရင်တော့ လွှတ်တော် သုံးရပ်အပြင် သူ့မှာ တိုင်းရင်းသား ကိုယ်စားလှယ်အတွက် တကြိမ် ထပ်ပြန်ပေးရမယ်” လို့ သူက ပြောပါတယ်။
တိုင်းရင်းသား မဟုတ်ပါက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲ သုံးကြိမ် ထည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလူမျိုး ဖြစ်တယ် ဆိုရင်တော့ မိမိရဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ရှိပါက လွှတ်တော် သုံးရပ်အတွက်အပြင် အဲဒီ ကိုယ်စားလှယ်အတွက် တကြိမ်၊ စုစုပေါင်း မဲ လေးကြိမ် ထည့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုင်းရင်းသားလူမျိုး ဆိုပေမယ့် လူဦးရေက နိုင်ငံတော်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျော်တဲ့ တိုင်းရင်းသားလူမျိုးပေါ့။ ဥပမာ ရန်ကုန်မှာဆိုရင် ကရင်နဲ့ ရခိုင်လူမျိုးက နိုင်ငံတော်လူဦးရေ တိုင်းရင်းသားလူမျိုးရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျော်တာ ဖြစ်တဲ့အတွက် သူ့အတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် တယောက် ထည့်သွင်း ဖွဲ့စည်းပေးမှာ ဖြစ်တာကြောင့် တိုင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပေးဖို့အတွက် အခွင့်အရေး တကြိမ် ထပ်ပေးတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲစနစ်အရ ဖြစ်ပေါ်လာမယ့် လွှတ်တော် အခင်းအကျင်းအသစ်မှာ ထိုင်ခုံအ​ရေအတွက် အ​​ပြောင်းအလဲမရှိ​ပေမယ့် တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေမှ ကိုယ်စားလှယ်တွေကို ပိုမိုများပြားစွာ တွေ့မြင်လာရနိုင်ပါတယ်။ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပိုမို ရောက်ရှိလာခြင်းက တိုင်းရင်းသားပြည်သူ အသီးသီးတို့ရဲ့ ဆန္ဒနဲ့ လိုလားချက်တွေကို ပိုမို ထင်ဟပ်လာစေနိုင်မှာပါ။
ဒီအချက်က နိုင်ငံရေးနည်းလမ်း၊ ဒီမိုကရေစီနည်းလမ်းနဲ့ အဖြေရှာ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုများပြား ကျယ်ဝန်းလာစေမှာပဲ ဖြစ်ပါတယ်။ လွှတ်တော်အတွင်း လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတွေကို အသေအချာ ပြုလုပ်သွားနိုင်ကြမှာပါ။ ဒါကြောင့် မိမိတို့ရဲ့ ဒေသအကျိုးကို သယ်ပိုးနိုင်မယ့် ကိုယ်စားလှယ်တွေကို ပြည်သူတွေ ကိုယ်တိုင်က မှန်ကန်စွာ ရွေးချယ်သွားကြရဖို့ လိုအပ်လှပါတယ်။ ။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW