ဇွန် ၃၀ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်းရာချီ ငွေတောင်းခံတဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။
အဆိုပါ အမျိုးသားလေးယောက်ဟာ မိတ္ထီလာမြို့ နယ်အတွင်းက ပြည်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲမပါလိုရင် ပိုက်ဆံပေးဖို့ တောင်းနေသူတွေဖြစ်ကြောင်း ၊ သူတို့ကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာကလည်း လိုက်လံစုံစမ်းနေတာကြာပြီ ဖြစ်တယ်လို့ သိရပါတယ် ။
” အခုမိတဲ့သူတွေကို သက်ဆိုင်ရာက လိုက်နေတာကြာပြီ။ ဖမ်းမိတာတော့ ခုညနေပိုင်းကပါ။ ခုဖမ်းမိတဲ့ သူတွေထဲမှာ မိတ္ထီလာထဲက သူတွေလည်းပါသလို ပျော်ဘွယ်ဘက်က သူတွေလည်း ပါတယ်သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ဖမ်းတာကတော့ စစ်ဘက်က ဖမ်းတာလို့ သိရတယ်။ ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့ လေးယောက်လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းနေတာကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မိတ္ထီလာ မြို့နယ် မှာ စစ်မှုထမ်းကြေး ကောက်ခဲ့တဲ့ ဥယာဉ်ကျေးရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ရာအိမ်မှူး နှစ်ယောက်ကို မိတ္ထီလာမြို့နယ် တရားရုံးကထောင်ဒဏ် တနှစ်စီ ကျခံဖို့ အမိန့် ချမှတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်မှု ထမ်းကြေး ကောက်တဲ့ ရာအိမ်မှူး နှစ်ယောက်ကို ပြည်သူ့စစ်မှုထမ်းဥပဒေပုဒမ ၂၆ အရ ထောင်ဒဏ် ချမှတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရကတော့ ပြည်သူ့ စစ်မှုထမ်းဆင့် ခေါ်ရေးဆိုင်ရာ ကိစ္စရပ် နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ မသမာမှု နှင့်ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာ ဆက်သွယ်သတင်း ပို့နိုင် ကြောင်း နဲ့ သတင်းပို့ တိုင်ကြားဖို့ အတွက် တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့.ဖုန်းနံပါတ် တွေကို အသိပေး ထုတ်ပြန်ထားပါတယ်။
မမှန်မကန်သတင်းပို့ခြင်း နဲ့ တိုင်ကြားခြင်း ပြုလုပ်ခဲ့ရင်တော့ ဖော်ထုတ်ပြီး တည်ဆဲဥပဒေ နဲ့ အညီ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း တဆက်တည်း အသိပေးထားပါတယ်။
