ဇွန် ၃၀ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) စခန်းတွေကို NUG လက်အောက်က တပ်ရင်းတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဇွန် ၂၉ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့နယ် ပလဖ တပ်စခန်းသုံးနေရာကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ် ပလဖ တာဝန်ခံ အပါအဝင် ငါးယောက် နဲ့ ဒေသခံ နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” အဲဒီပစ်ခတ်မှုမှာ မြို့နယ် ပလဖ တာဝန်ခံကိုအာကူး သေဆုံးတယ်။နောက်ထပ် ပလဖ တပ်ဖွဲ့ဝင် လေးယောက်သေတယ်။ ဒေသခံက နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ် သိရတယ်။ အဲဒီနယ်ဘက်မှာ မြို့နယ်ပလဖရဲ့ သတင်းတွေကလည်း ကြားရတာ မကောင်းဘူး ။ ဓားပြတိုက်တာတွေ လူသတ်တာတွေရှိတယ်ဆိုပြီးအသံတွေကတော့ ထွက်နေကြာပြီ။ တကယ်ဟုတ်မဟုဆ်ဆိုတာတော့ အဲဒီဘက်ဒေသက အသိဆုံးပါ ။ အခု ဝင်တိုက်တာက ခရိုင်တပ်ရင်းငါးခုလောက်ပေါင်းတိုက်ကြတာလို့သိရတယ်။
NUG ဘက်ကတော့ သူတို့ညွှန်ကြားတာမဟုတ်ဘူးဆိုပြီး ပြောနေတာလည်းတွေ့ရတယ်။ တရားဝင် ဘယ်ကမှစာမထုတ်သေးဘူး ။ဘယ်လိုတွေဖြစ်တယ်ဆိုတာ သေချာမသိရသေးဘူး။ အချင်းချင်းတွေ ခုလိုပစ်ကြခတ်ကြတာ မဖြစ်သင့်ဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
မြို့နယ် ပလဖ စခန်းတွေ ဝင်ရောက်စီးနင်း ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဖြစ်စဥ် မှန်ကန်ကြောင်း ၊ သေဆုံးသူ ခုနှစ်ယောက်ရှိပြီး ပလဖ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာမျိုးတော့မရှိကြောင်း ၊ စခန်းကို ဝင်ရောက်စီးနင်းစဥ် မြို့နယ် ပလဖက စတင်ပစ်ခတ်ခဲ့တာကြောင့် ခရိုင်တပ်ရင်းတွေဘက်က ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ NUG ရဲ့ တာဝန်ရှိသူက ပြောဆိုထားတာ တွေ့ရပါတယ်။
ဒါပေမယ့် အဲဒီဖြစ်စဥ် နဲ့ပတ်သက်လို့ NUG ဘက်က တရားဝင်စာထုတ်ပြန်ပြီး အသိပေး တာမျိုးတော့ မတွေ့ရှိရသေးသလို မြို့နယ်ပလဖ ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး ။
အလားတူ ဇွန် ၂၂ ရက်နေ့ကလည်း မြင်းခြံခရိုင်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA တပ်စခန်းတွေကို NUG လက်အောက်ခံတပ်ရင်းတွေက ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်စီးနင်းစဥ် မိုင်းပေါက်ကွဲလို့ NUG ဘက်က လေးယောက်သေဆုံးပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မေလ နောက်ဆုံးရက်ကလည်း စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် တချို့ကို ဖမ်းဆီးခြင်း ၊ အထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတာတွေကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
