မုတ်သုံလေ အားကောင်းမှုနဲ့ လေထုမငြိမ်မသက်မှုကြောင့် တိုင်းနဲ့‌ပြည်နယ်တချို့ မိုးကြီးနိုင်

ဇွန် ၃၀ – ၂၀၂၆
SS (VOM)
မုတ်သုံလေ အားကောင်းမှုနဲ့ လေထုမငြိမ်မသက်မှုတွေကြောင့် လာမယ့် ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရှစ်ရက်တာကာလအတွင်း တိုင်းနဲ့‌ပြည်နယ်တချို့မှာ နေရာကွက်ပြီး မိုးကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လာမယ့် ဇူလိုင်လ၊ အဲဒီ ရှစ်ရက်တာကာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တဲ့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင်လ လပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်တွေအရလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး တကြိမ်မှာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
“လာမယ့် ဇူလိုင်လ ၄ ရက်၊ ၅ ရက်နေ့လောက်ကျရင်တော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်တယ် ဆိုတာလေးတော့ တခုရှိတယ်။ သူက နည်းနည်းတော့ စောင့်ကြည့်ရမှာပေါ့။ တချို့ မော်ဒယ်တွေကတော့ ကုန်းပေါ်မှာ ပြနေတယ်။ တချို့ မော်ဒယ်တွေကတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ပြနေတယ်။ ပြီးသွားရင်တော့ သူက အိန္ဒိယထဲကို ဝင်သွားမှာပေါ့။ အဲဒီအတွက်ကြောင့် လေထုမငြိမ်မသက် ဖြစ်နိုင်ပြီးတော့မှ မုတ်သုံလေ အားကောင်းလာနိုင်တဲ့အတွက်ကြောင့် မိုးကြီးနိုင်တယ် ဆိုတာကို ဒီနေ့ ထုတ်ပြန်ထားတာပါ” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဇူလိုင်လမှာ လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပြီး မုန်တိုင်းတကြိမ် ဖြစ်ခဲ့တာမျိုးရှိကာ လက်ရှိမှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်က ပုံမှန်ထက်ကို ပိုမို ပူပြင်း‌နေတာမျိုး ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် ဇူလိုင်လ လပတ်ထဲမှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပြီးတော့မှ တကြိမ်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။ များသောအားဖြင့်တော့ ဇူလိုင်၊ ဩဂုတ်လမှာဖြစ်တဲ့ မုန်တိုင်းတွေက ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းလောက်မှာ ဖြစ်ပြီးတော့မှ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်သွားတာများတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဘာရလဲဆို၊ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေဖြစ်လာပြီဆို မုတ်သုံလေ အားကောင်းလာပြီး မိုးရနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုလိုမျိုး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ဖြစ်ပေါ်လာပြီဆိုပါက အဲဒီရဲ့ အရှိန်ကြောင့် ပင်လယ်ပြင်မှာလည်း မိုးသက်လေပြင်းကျချိန် လှိုင်းလေထန်တဲ့ အနေအထားမျိုးတွေ ရှိတတ်တဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်တယ်လို့ သူက ပြောပါတယ်။
လာမယ့် ဇူလိုင်လအတွင်း မြစ်ရေမြင့်တက်နိုင်မှု အခြေအနေတွေအနေနဲ့ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ တကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တို့မှာ တကြိမ်ခန့်စီ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ တကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ တကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့တို့မှာ တကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေ ရွှေကျင်မြို့မှာ တကြိမ်ခန့်၊ ပဲခူးမြစ်ရေ ပဲခူးမြို့မှာ တကြိမ်ခန့်၊ သံလွင်မြစ်ရေ ဘားအံမြို့မှာ တကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ တကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တို့မှာ တကြိမ်ခန့်စီ၊ တိုးမြစ်ရေ မအူပင်မြို့မှာ တကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေ ဘီးလင်းမြို့မှာ တကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
“လက်ရှိ ဖြစ်နေတဲ့ မြစ်ရေအခြေ‌အနေတွေက ရေခံကောင်းနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ မိုးဦးကာလမှာ ရွာထားတဲ့မိုးက နည်းနည်းလေး များထားတဲ့အတွက်ကြောင့်မို့ ရေခံကောင်းနေတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ မြစ်ဖျားပိုင်းတွေမှာ မိုးက နှစ်ရက်၊ သုံးရက်လောက် ဆက်တိုက်၊ နည်းနည်း ကောင်းလာပြီဆိုရင်တော့ ရေကြီးရေလျှံမှုအန္တရာယ်တော့ သတိပြုဖို့လိုတာပေါ့” လို့ မိုး/ဇလ ညွှန်ချုပ်က ပြောပါတယ်။
မိုးလယ်ကာလဟာ မုတ်သုံလေလည်း အားကောင်းသလို မိုးအများဆုံး ရွာသွန်းတတ်တဲ့ ကာလလည်းဖြစ်ပြီး၊ တနှစ်လုံးရဲ့ မိုးရေချိန် ၆၀၊ ၇၀ ရာခိုင်နှုန်းအထိ ရွာသွန်းတတ်တာကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ရေဘေးအန္တရာယ် ကြိုတင် သတိပြုသင့်တဲ့အပြင် တောင်ကုန်းတောင်တန်းဒေသတွေ (အထူးသဖြင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်) တို့မှာ မြေပြိုမှုအန္တရာယ်တွေကို သတိပြုသင့်တယ်လို့ သူက ပြောပါတယ်
ဒါအပြင် လာမယ့် ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်နဲ့ မုန်တိုင်းငယ် တကြိမ် ဖြစ်နိုင်သလိုပဲ မိုးလယ်ကာလတခုလုံး (ဇူလိုင်၊ ဩဂုတ်) အတွက်ဆိုရင်တော့ လေဖိအားနည်းရပ်ဝန်း လေးကြိမ်နဲ့ မုန်တိုင်းငယ် နှစ်ကြိမ်လောက် ဖြစ်လာနိုင်တဲ့ အနေအထားမျိုးကို ခန့်မှန်းရရှိထားတယ်လို့ သူက ပြောပါတယ်။
“လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေက ပင်လယ်ရေမျက်နှာပြင် အပူချိန်က အားကောင်းနေတဲ့အတွက်ကြောင့်မို့လို့ မုတ်သုံလေ အားနည်းနည်း လျော့သွားရင် ဖြစ်တတ်တယ်။ တခါတစ်လေကျတော့လည်း ခုနောက်ပိုင်းနှစ်တွေမှာ ဘာတွေတွေ့ရလဲဆိုတော့ အရင်က မုတ်သုံလေ အားကောင်းပြီဆို မုန်တိုင်းဖြစ်နိုင်ခြေ နည်းတယ်။ အခုက မုတ်သုံလေအား တအားကောင်းလာပြန်ရင်လည်း လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်တတ်တာမျိုးကို နောက်ပိုင်း လေး၊ ငါးနှစ်တွေမှာ ပြန်တွေ့နေရတဲ့အတွက် လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကတော့ ဆက်ပြီးတော့ ဖြစ်နေဦးမယ့် အနေအထားမျိုးရှိတယ်။ ဒါပေမယ့် ဇူလိုင်၊ ဩဂုတ်လမှာဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကတော့ မှတ်တမ်းတွေအရ ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ တကြိမ်တခါမှတော့ မဖြစ်ဘူး။ ဒါပေမယ့် သူ့ရဲ့အရှိန်ကြောင့်တော့ ကျွန်တော်တို့နိုင်ငံမှာ မိုးများလာတဲ့အတွက် ရေကြီးရေလျှံမှုတွေတော့ သတိပြုဖို့လိုတယ်” လို့ သူက ပြောပါတယ်။
လေထုမငြိမ်မသက်မှုတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေတဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ လိုအပ်သလို ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိပြုကြဖို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
လက်ရှိမှာ တချို့သော page တွေဟာ like, follow များစွာ ရရှိချင်တာကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ မိုးလေဝသသတင်း ကြေညာတာတွေရှိနေသလို တချို့သော page တွေကတော့ စေတနာထားပြီး အသိပေးတာမျိုးတွေ ရှိနေတာတွေ့ရကာ လူထုအနေနဲ့ အမှားနဲ့ အမှန်ကို ခွဲခြား သိမြင်တတ်ဖို့လိုပြီး မိုး/ဇလဌာနအနေနဲ့လည်း ခန့်မှန်းချက်တွေကို ဆက်တိုက် ထုတ်ပြန်ပေးလျက်ရှိတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
Photo – DMH

Related posts

Leave a Comment

VOM News

FREE
VIEW