ဩဂုတ် ၁၃၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတခုမှာ PDF တပ်ဖွဲ့အချင်းချင်း ပစ်သတ်ခဲ့တာကြောင့် Chinland Defense force-Kalay-Kabaw-Gangaw (CDF-KKG)အဖွဲ့ တပ်ရင်း( ၆) ဥက္ကဋ္ဌ အပါအဝင် သုံးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၁ နာရီလောက်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာ ကရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာ CDF-KKG အဖွဲ့ တပ်ရင်း ( ၆) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘဖြိုး နဲ့ တပ်သားမဲကြီး အပါအဝင် သုံးယောက်ကို Black Dragon Force အဖွဲ့က ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
CDF-KKG အဖွဲ့ထိန်းချုပ်နယ်မြေထဲကို Black Dragon Force ကသွားရောက်ပြီး စည်းရုံးရေးဟောပြောပွဲ ပြုလုပ်တာနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့နှစ်ခုအကြား အပြန်အလှန် အချေအတင်ဖြစ်ပွားပြီးနောက်မှာ ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
“ကြားတာတော့ CDF နယ်မြေထဲကရွာကို Black Dragon Force စည်းရုံးရေး သွားလုပ်တာသိပြီး သူတို့နယ်မြေအပိုင်ထဲကို လာရင် လက်နက်မယူဖို့ ၊ ယူနီဖောင်းတွေမဝတ်ဖို့ ဖုန်းနဲ့ပြောကြရင်း စကားများကြတယ်။ အဲဒီမှာ အပြင်မှာရှင်းကြဖို့ ချိန်းတာကို Black Dragon Force အဖွဲ့က ကြိုစောင့်ပြီး သတ်လိုက်တာလို့ သိရတယ်။ တကယ့်ဖြစ်စဥ်အမှန်က ဘယ်လိုလဲဆိုတာတော့ သူတို့တွေပဲသိမယ်။ သုံးယောက်လုံးကတော့ နေရာမှာပွဲချင်းပြီး ဆုံးတယ်သိရတယ်။ ” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
အဲဒီ CDF-KKGအဖွဲ့ တပ်ရင်း( ၆) ဥက္ကဋ္ဌအပါအဝင် သုံးယောက် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး CDF-KKGအဖွဲ့ ကတော့ သတင်းမှန်ကို တိကျစွာထုတ်ပြန်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
CDF-KKGအဖွဲ့ ဟာ ချင်းပြည်နယ် နဲ့ မကွေးအစပ်က ဒေသတွေမှာ အဓိကလှုပ်ရှားမှုရှိတဲ့ အဖွဲ့ ဖြစ်ပြီး Black Dragon Force အဖွဲ့ကတော့ မကွေးတိုင်းထဲမှာ လှုပ်ရှားတဲ့ အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ် ။
ဇူလိုင် ၂၈ ရက်ကလည်း တောင်သာမြို့နယ်ထဲမှာ PDF အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး PDF ခေါင်းဆောင် မဝေဖြိုးဇော် (ခ) စွန်ရဲမ သေဆုံးမှုရှိခဲ့ပါတယ်။
ဇွန် ၂၉ ရက်ကလည်း မုံရွာမြို့နယ် ပလဖ တပ်စခန်းသုံးနေရာကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ် ပလဖ တာဝန်ခံ အပါအဝင် ငါးယောက် နဲ့ ဒေသခံ နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဇွန် ၂၂ ရက်နေ့ကလည်း မြင်းခြံခရိုင်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA တပ်စခန်းတွေကို NUG လက်အောက်ခံတပ်ရင်းတွေက ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်စီးနင်းစဥ် မိုင်းပေါက်ကွဲလို့ NUG ဘက်က လေးယောက်သေဆုံးပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မေလ နောက်ဆုံးရက်ကလည်း စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် တချို့ကို ဖမ်းဆီးခြင်း ၊ အထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတာတွေကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
