ဗီယက်နမ်မှာ မုန်တိုင်း ဘူအလွိုင်ကြောင့် တယောက်သေပြီး တံငါသည် ၁၂ ယောက်ပျောက်ဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၂၉-၂၀၂၅
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်တိုက်ခတ်မှုကြောင့် လူတယောက်သေဆုံးပြီး တံငါသည် ၁၂ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး ဓါတ်အားလိုင်းတွေလည်း ချို့ယွင်းခဲ့ပါတယ်။ မုန်တိုင်းဟာ Nghe An ပြည်နယ်ကို ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ဝင်ရောက်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ ၁၁၇ ကီလိုမီတာရှိပြီး ကုန်းတွင်းပိုင်း ဝင်ရောက်ချိန်မှာ ၈၈ ကီလိုမီတာအထိ အားလျော့သွားကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
ကုန်းတွင်းပိုင်းသို့ မရောက်ရှိမီမှာ မုန်တိုင်းဟာ ဗီယက်နမ် ကမ်းရိုးတန်းတလျှောက် နာရီပေါင်းများစွာ ရွေ့လျားခဲ့ပြီး လှိုင်းအမြင့် ရှစ်မီတာအထိ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟူးမြို့မှာ ရေကြီးရေလျှံမှုကြောင့် လူတယောက်သေဆုံးပြီး တံငါသည် ၁၂ ယောက် ပျောက်ဆုံးနေပြီး ကွမ်ထရီ ခရိုင်မှာတော့ ငါးဖမ်းလှေလေးစင်း နစ်မြုပ်သွားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တိုင်ဖွန်းမုန်တိုင်း မတိုက်ခတ်မီတွင် အလယ်ပိုင်းပြည်နယ်များရှိ လေဆိပ် လေးခုကို ပိတ်ခဲ့ရတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်း သို့မဟုတ် နှောင့်နှေးခဲ့ရပါတယ်။
သံမဏိထုတ်လုပ်ရေးဗဟိုအဖြစ်လူသိများတဲ့ ဟာတင့်ချ်မှာ နေထိုင်သူ တသောင်းခွဲကျော်ကိုတော့ စာသင်ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ နေရာတွေမျာ ယာယီရွှေ့ပြောင်းခိုလှုံစရာအဖြစ် တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။
မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ စနေနေ့ကတည်းက ဖြစ်ပွားခဲ့ပြီး ရေကြီး မြေပြိုမှုတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။ တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့ထိ နိုင်ငံနေရာအတော်များများမှာ မိုးရေချိန် ၅၀၀ မီလီမီတာထိ ရွာသွန်းနိုင်တာ်လို့ မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ပထမခုနှစ်လအတွင်း သဘာ၀ဘေးကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း မုန်တိုင်း ရာဂီတိုက်ခတ်မှုကြောင့် ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံဖိုး ပျက်စီးခဲ့ပြီး လူရာချီသေဆုံးခဲ့ပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW