ဇူလိုင် ၁၊ ၂၀၂၆
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ မကြာခင် ရေအားလျှပ်စစ်မီးကို ၂၄ နာရီ ပေးဝေနိုင်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နောက် ၂ ရက်၊ ၃ ရက်လောက်နေရင် လျှပ်စစ်မီး ၂၄ နာရီ ရတော့မယ်လို့ ပြောတယ်။ အခုထိတော့ မီးမရသေးဘူး။ ၂၄ နာရီ ရမယ်ဆိုတာပဲ ကြားထားသေးတယ်” လို့ သိန္နီဒေသခံ အမျိုးသမီးတယောက်က VOM ကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ တည်ဆောက်နေတဲ့ သိန္နီရေအားလျှပ်စစ်စီမံကိန်းဟာ စမ်းသပ်လည်ပတ်နိုင်မယ့် အဆင့်အထိ ရောက်နေပြီလို့ သိရပါတယ်။
“ဒီဇူလိုင်လကစပြီး MNDAA ဘက်က ဆောက်နေတဲ့ ရေအားလျှပ်စစ်ကနေ မီးပေးနိုင်အောင် လုပ်နေတယ်လို့ အရင်ကတည်းက ပြောနေကြတာပါ” လို့ နမ့်ဇလပ်ဒေသခံ အမျိုးသားတယောက်က VOM ကို ပြောပါတယ်။
လက်ရှိမှာတော့ ညပိုင်းအချိန်တွေမှာ လျှပ်စစ်မီးကို ၂ နာရီခန့် ပေးဝေနေတာဖြစ်ပြီး၊ အဲဒီမီးဟာ ရေအားလျှပ်စစ်က မဟုတ်ဘဲ ဒီဇယ်မီးစက်နဲ့ ထုတ်လုပ်ပေးနေတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ဇွန် ၃၀ ရက်အထိတော့ ရေအားလျှပ်စစ်မဟုတ်သေးဘူး။ ရေအားလျှပ်စစ်ကနေ စပေးပြီဆိုရင် အစမ်းပေးတာတောင် ၂ နာရီလောက်ပဲ ပေးတာမျိုးတော့ မဟုတ်နိုင်ဘူး” လို့ ဒေသခံတွေက ဆိုပါတယ်။
သိန္နီမြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က ထိန်းချုပ်ခဲ့ပြီးနောက် ဒေသတွင်း လျှပ်စစ်မီးကို မီးစက်နဲ့ အချိန်ပိုင်း ပေးဝေလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုအခါ စမ်းသပ်လည်ပတ်နိုင်မယ့် အဆင့်ကို ရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
Photo Crd# ဒေသခံ
