တောင်ကြီး ‘အောင်မြေသစ်’ ကိုယ်ပိုင်ကျောင်းဖြစ်စဉ်က အဓမ္မကျင့်တဲ့တရားခံကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်သော်လည်း မိဘထုကြား စိုးရိမ်မှုများ ကျန်ရစ်နေဆဲ

​တောင်ကြီး-ဇူလိုင်-၁-၂၀၂၆
KKA(VOM)
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ “အောင်မြေသစ်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade 12 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်စဉ်ကျူးလွန်သူဖြစ်တဲ့ ကျောင်းအုပ်ရဲ့သား ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
အဓမ္မပြုကျင့်မှု (ပုဒ်မ ၃၇၆-၁) အတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ကာယန္ဒြေဖျက်ဆီးမှု (ပုဒ်မ ၃၅၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ခြောက်လှန့်တောင်းယူမှု (ပုဒ်မ ၃၈၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စုစုပေါင်း (၂၅)နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။
တရားဥပဒေအရ ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာ‌ေပမယ့်လည်း ဒီဖြစ်ရပ်ဟာ ပုဂ္ဂလိက ပညာရေးကဏ္ဍရဲ့ လုံခြုံရေးနဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ဒါကို ကျောင်းတည်ထောင်သူတွေနဲ့ဆရာ၊ဆရာမတွေအလေးထားရပါလိမ့်မယ်။
သား၊သမီးများကို ငွေကြေးအကုန်အကျခံကာ ကိုယ်ပိုင်ကျောင်းတွေဆီ ပို့ဆောင်ကြတဲ့ မိဘများရဲ့အဓိက မျှော်လင့်ချက်က ကောင်းမွန်တဲ့ ပညာရေးအပြင် “လုံခြုံစိတ်ချရမှု” ပဲ ဖြစ်ပါတယ်။ဒါပေမယ့် ကျောင်းအုပ်ရဲ့ သားဖြစ်သူက ကျောင်းဝန်းဧရိယာအတွင်း အခုလို ရဲရဲဝံ့ဝံ့ ပြစ်မှုကျူးလွန်ခဲ့ခြင်းက မိဘထုကြားမှာ ကြီးမားတဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖြစ်စေခဲ့ပါတယ်။ဖြစ်လည်းဖြစ်ချင်စရာပဲဖြစ်ပါတယ်။
“ကိုယ်ပိုင်ကျောင်းကို ရွေးချယ်လိုက်ပြီဆိုကတည်းက ကိုယ့်ကလေး ထူးချွန်ဖို့၊လုံခြုံ ဘေးကင်းဖို့အတွက် ရည်ရွယ်တာလေ။အခုလို ဖြစ်တယ်ဆိုတော့ မိဘချင်းလည်း ကိုယ်ချင်းစာတယ်။စိုးရိမ်စိတ်လည်းဖြစ်တယ်။”ဟု တောင်ကြီး အေးသာယာမှာနေထိုင်တဲ့ မိဘတဦးဖြစ်တဲ့ ဒေါနန်းမြသွဲ့ခိုင်က VOMကိုပြောပါတယ်။
အဲဒီလို ဖြစ်စဥ်‌ေကြာင့် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ရာသက်ပန် ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ဒါကို ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ နမူနာယူပြီး စီမံမှုတွေလုပ်သင့်တယ်လို့ ကျောင်းသားမိဘအချို့က သုံးသပ်ပါတယ်။
“ဘာဝန်ထမ်းခန့်ခန့် စီစစ်ရမယ်။CCTV တွေစနစ်တကျတပ်ရမယ်။ဆရာ၊ဆရာမတွေအနေနဲ့ကလည်း သင်ကြားမှုပဲလို့စိတ်ထဲမထားပဲ။ကျောင်းသူ၊ကျောင်းသားတွေ စိစစ်နေရမယ်။အထူးသဖြင့် အဆောင်နေသူလေးတွေ ဂရုစိုက်ပေးစေချင်တယ်။”လို့ မိဘတဦးက သုံးသပ်ပြောကြားပါတယ်။
ဥပဒေအရ ပြစ်ဒဏ်များ သီးခြားစီကျခံစေခြင်းနဲ့ တရားခံကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးနိုင်ခဲ့တယ်ဆိုပေမယ့် ကျောင်းသူနဲ့မိသားစုဝင်များ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာ၊ ကျောင်းသားမိဘများရဲ့ စိုးရိမ်ပူပန်မှုများကိုတော့ ဥပဒေစီရင်ချက်တစ်ခုတည်းနဲ့ ကုစားနိုင်ဖို့ ခဲယဉ်းနေဦးမှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW