မြန်မာပြည်က ​နေရာအများစုမှာ အင်တာနက်လိုင်း ပြတ်တောက်မှုနဲ့ နှေးကွေးမှုတွေ ဖြစ်ပေါ်နေ

နိုဝင်ဘာ ၄ – ၂၀၂၅
SS (VOM)
ရန်ကုန်မြို့အပါအဝင် ဒေသအများစုမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းတွေ ပြတ်တောက်တာ၊ ဆိုးဆိုးရွားရွား နှေးကွေးတာတွေ ဖြစ်ပေါ်နေတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
လက်ရှိ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု အခြေအနေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးကုမ္ပဏီ အများစုကလည်း တောင်းပန် အသိပေးစာတွေ ထုတ်ပြန်လာတာ တွေ့ရပါတယ်။
အဲဒီ အသိပေးစာတွေမှာ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှု၊ Upstream ချို့ယွင်းမှု၊ international Uplink အပြစ်ဖြစ်ပွား‌နေမှု၊ Uplinks Issues ဖြစ်ပေါ်နေမှု၊ အဓိက ပင်မဆက်ကြောင်းလိုင်းတွေ ပြတ်တောက်မှု စတာတွေကြောင့် အင်တာနက်လိုင်း နှေးကွေးခြင်း၊ လိုင်းပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားကြပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က U9FTTH ဝိုင်ဖိုင် သုံးစွဲသူ တယောက်က “အင်တာနက်လိုင်းတွေ မကောင်းတာက ဖြစ်နေတာကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကနေစပြီး ပိုဆိုးလာတယ်။ ဝိုင်ဖိုင်မီးလည်း စိမ်းတယ်၊ connected လည်း ဖြစ်တယ်။ ဒါပေမယ့် အင်တာနက် လုံးဝ သုံးလို့မရဘူး။ ကိုယ့်ဖုန်း ဒေတာသုံးတော့လည်း အဆင်မပြေ။ ဒေတာဖိုး တော်တော်ကုန်နေပြီ။ အလုပ်အတွက် ဒေတာသုံးရတာ တွက်ခြေမကိုက်လို့ ဝိုင်ဖိုင်တပ်ထားတာ။ လိုင်းမကောင်း၊ ဘာပုံမှလည်း မမြင်ရနဲ့ ကိုယ့်ဒေတာပဲ ပြန်ဖွင့်သုံးနေရတယ်” လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ U9 call center ကို ဖုန်းဆက်ကာ အကျိုးအကြောင်း မေးမြန်းရာမှာ ရန်ကုန်တိုင်းအတွင်းရှိ ဖိုင်ဘာလိုင်းတွေ အကုန်လုံး network down ‌နေတာ ဖြစ်တဲ့အတွက် လိုင်းပြင်ဆင်မှု ဆောင်ရွက်နေတယ်ဆိုပြီး ပြန်လည် ဖြေကြားခဲ့တယ်လို့ သူက ပြောပါတယ်။
“အခု သူတို့ လိုင်းပြင်ဆင်မှု ဆောင်ရွက်နေတယ်။ ဒါကြောင့် လိုင်းက ပျက်လိုက်၊ လာလိုက်နဲ့ မတည်ငြိမ်မှု ဖြစ်နေတာလို့ ပြောတယ်။ ဒီလို ဖြစ်နေတာ နှစ်ရက်လောက် ရှိပြီတဲ့။ ပြီးတော့ အခုဖြစ်နေတဲ့ Issue က ရေအောက်မှာရှိတဲ့ ကေဘယ်လ်ကြိုး ချို့ယွင်းနေတယ်လို့လည်း ပြောတယ်။ အမြန်ဆုံး ပြန်ပြင်နေတယ်တဲ့။ သူတို့ဆီ ဖုန်းဆက်တိုင်း အမြန်ဆုံး ပြန်ပြင်နေပါတယ်လို့သာ တောက်လျှောက် ပြောနေတာ။ အခုထိ လိုင်းက လုံးဝ အဆင်မပြေသေးဘူး။ ဘယ်နှစ်ရက်ကြာအောင် စောင့်ရမှာလဲလို့ မေးရင်လည်း အတိအကျ မဖြေနိုင်ကြဘူး” လို့ သူက ပြောပါတယ်။
အခုလို အင်တာနက်လိုင်း ပြတ်တောက်နေမှုကို ဝိုင်ဖိုင်ကုမ္ပဏီတွေနဲ့ Call Center တချို့က ယာယီ ပြတ်တောက်တာလို့သာ ပြောဆိုကြပေမယ့် လိုင်းပြတ်တောက်ချိန် နာရီနဲ့ချီ ကြာမြင့်လာတယ်လို့ အသုံးပြုသူတွေက ပြောပါတယ်။
“ဝိုင်ဖိုင်လည်း မကောင်းဘူး၊ ဒေတာလည်း မကောင်းဘူး။ Online class တက်နေတာ၊ အတန်းတွေအကုန် ပျက်ရတယ်။ Online shop လုပ်တာလည်း အဆင်မပြေဘူး။ call center ကို ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်တဲ့။ တခြား ဝိုင်ဖိုင် သုံးနေတဲ့သူတွေကမှ ဖုန်းခေါ်လို့ ရသေးတယ်။ ကိုယ်တွေက ဖုန်းပါ ခေါ်မရတာ။ နောက်မှ သူတို့ထုတ်ပြန်ချက် ထုတ်တာ တွေ့တာတော့ အင်တာနက်လိုင်း မကောင်းတဲ့အတွက် သူတို့ရဲ့ Hotline နံပါတ်တွေကိုလည်း လတ်တလော ခေါ်လို့ မရနိုင်သေးဘူးတဲ့” လို့ Wcom ဝိုင်ဖိုင် အသုံးပြုသူတယောက်က ပြောပါတယ်။
အခုလို ဝိုင်ဖိုင် အင်တာနက်လိုင်း ချို့ယွင်းနေတာဟာ ဝိုင်ဖိုင်အမျိုးအစားတိုင်းလိုလို ဖြစ်နေတာ တွေ့ရပြီး VOM က လက်လှမ်းမီသမျှ အချက်အလက်တွေအရ Hi internet, Atom fiber, Maharnet, Ocean Wave, U9FTTH, Wcom, MyanmarNet, Unilink, Myanmar Boardband Telecom (MBT), Chindwin Net, Mytel, 5BB Broadband Fiber Internet, Yatanarpon Teleport အစရှိတဲ့ ဝိုင်ဖိုင်တွေ အင်တာနက်လိုင်း သုံးမရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝိုင်ဖိုင် အများစုက လိုင်းတက်တဲ့ မီးစိမ်း အချက်ပြနေပြီး Connected ဖြစ်နေပေမယ့် အသုံးပြုလို့မရ ဖြစ်နေသလို မိုဘိုင်းဒေတာမှာလည်း လိုင်းမငြိမ်တာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဝိုင်ဖိုင်ကုမ္ပဏီ အများစုက Hot Line ဖုန်းတွေကို စက်ပိတ်ထားကြပြီး တချို့ ကုမ္ပဏီတွေဆို Page ပါ ရှာမရ ဖြစ်နေတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး အင်တာနက်လိုင်း အသုံးပြုရတာ အဆင်မပြေတဲ့ ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိကာ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတချို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။
အသံအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၃၂ မြို့နယ် ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW