နိုဝင်ဘာ ၈ – ၂၀၂၅
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ၁၀ ရက်ကျော်အတွင်း လူ အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ အခု နိုဝင်ဘာ ၇ ရက်အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု နှစ်ကြိမ်၊ ဒရုန်းကျရောက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး VOM က ရရှိထားတဲ့ အချက်အလက်တွေအရ လူသေဆုံးမှုတွေအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၅၀ နီးပါး ရှိခဲ့ပါတယ်။
“ဒီရက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီး စိပ်လာတယ်ပြောရမယ်။ သတိထားမိသလောက် ဒီနောက်ပိုင်း မြေပြင်ကရော၊ ဝေဟင်ကပါ တိုက်ခိုက်မှုတွေက နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်နေတယ်။ တနေ့တည်း နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံက တိုက်ခိုက်ခံရတာတွေလည်း ရှိလာနေတယ်။ အထူးသတိထားသင့်တဲ့ အချိန်ပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်ခံရမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ မနေ့ နိုဝင်ဘာ ၇ ရက်၊ ည ၈ နာရီ ၁၈ မိနစ်ဝန်းကျင်ကလည်း မင်းပြားမြို့နယ်၊ မြို့သစ်ရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးခဲ့ပြီး ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နိုဝင်ဘာ ၇ ရက်နေ့၊ တရက်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ယိုးတရုပ်ကျေးရွာ၊ ကွမ်းတောင်ကျေးရွာနဲ့ အောင်ဖြူပြင် ကျေးရွာတွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ငါးယောက် သေဆုံးကာ ကိုးယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ငါးယောက် သေဆုံးပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးကာ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ တအာင်းတပ်မတော် (TNLA) နဲ့ အပစ်ရပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ပိုပြီး ပြုလုပ်လာတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
“အစိုးရတပ်က လက်ရှိမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက ကိုးကန့် (MNDAA) နဲ့ရော၊ TNLA နဲ့ရော အပစ်ရပ်သွားပြီဆိုတော့ ရခိုင်ဘက်ကို ပိုဖိလာတဲ့သဘော ရှိတယ်။ လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတာဆိုတော့ အစိုးရက သူတို့ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားတဲ့ မြို့တွေရဲ့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းက တခြား မြို့တွေကို ပိုပြီး ဖိအားပေးလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ ပေါ့ပေါ့ဆဆ မနေစေချင်ဘူး။ အရင်ဖြစ်စဉ်တွေကို နမူနာယူစေချင်တယ်” လို့ စစ်ရေး လေ့လာစောင့်ကြည့်သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရ တာဝန်ရှိသူတွေဟာ AA ထိန်းချုပ်ထားရာ သံတွဲမြို့အပါအဝင် အမ်း၊ ဂွနဲ့ တောင်ကုတ် မြို့နယ်တို့မှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားတဲ့ AA ဟာ လက်ရှိမှာ စစ်တွေ၊ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်ရိုးမတောင်ခြေ၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတို့မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး AA အနေနဲ့ ရခိုင်ဒေသတခုလုံးကို အပြီးပြတ် သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့ မကြာခဏ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
Photo – CJ
