စပါးစျေးကွက်မကောင်းတဲ့အတွက် ထပ်ပြီးရှုံးမှာကြောက်လို့ တောင်သူတွေ နွေစပါးကို မစိုက်လိုကြ

ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆
CC (VOM)
စပါးစျေးကွက်က အကျဘက်မှာရှိနေပြီး စျေးကွက်မကောင်းတဲ့အတွက် ထပ်မံပြီး အရှုံးနဲ့ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် တောင်သူတွေအနေနဲ့ ယခုနှစ်မှာ နွေစပါးကို စိုက်ပျိုးလိုခြင်း မရှိကြောင်း တောင်သူတွေက ပြောပါတယ်။
တောင်သူတွေအနေနဲ့ အရှုံးကိုရင်ဆိုင်ရနိုင်တဲ့အတွက် နွေစပါးကို မစိုက်ပျိုးလိုပေမယ့်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးခိုင်းနေတာကြောင့် တောင်သူတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ နွေစပါးစိုက်ပျိုးဖို့အတွက် ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို ဆည်ရေတွေ စတင်လွှတ်ပေးနေပြီး စိုက်ပျိုးမှုကို တောင်သူအစီအစဥ်နဲ့ စပါးပက်ကြဲခြင်းအစား အစေ့ချစက်သုံးပြီးသာ စပါးမျိုးစေ့ချ စိုက်ပျိုးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” နွေစပါးမလုပ်ချင်ဘူး ။ခုစပါးစျေးနဲ့ဆိုရင် ရှုံးမယ်ဆိုတာ သိနေတယ်။ တွက်လို့ရတယ်လေ။ အရင်နှစ်နွေစပါးကလည်း ရှုံးတယ်။ ခုမိုးစပါးလည်း ရှုံးတယ်။ အခုဒီနှစ်နွေစပါးပါ ထပ်ရှုံးရင် ကျွန်တော်တို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး ။ လယ်ဧက များလေအရှုံးများလေပဲ ။ လယ်သမားက တနှစ်ရှုံးရင်တောင် လိုက်မမီတာ။အခုက ရှုံးတာ ဆက်တိုက်ဖြစ်နေပြီ။ ဒါပေမယ့် မစိုက်လို့မရတဲ့အပြင် ဒီတိုင်းတောင်ကြဲလို့မရဘူး ။အစေ့ချစက်နဲ့ကြဲရမယ် ပြောတယ် ။ အခုဆည် ရေတွေကလည်း ရောက်နေပြီ ။ ” လို့ ပဲခူးအနောက်ပိုင်းက တောင်သူတ​ယောက်က ပြောပါတယ်။
မိုးစပါးပေါ်ချိန်တုန်းက စပါး ပေါင် ၅၀ ရှိ တင်းတရာ ကို ကိုးသိန်းကျပ်ကနေ ဆယ်သိန်းငါးသောင်းကျပ်အထိသာ စျေးပေါက်ခဲ့တာကြောင့်.ယခုနှစ်နွေစပါး ပေါ်ချိန် ရိတ်သိမ်းချိန်မှာလည်း စပါးစျေးက အဆိုပါမိုးစပါးစျေးကွက် အတိုင်းသာ ရှိနိုင်ကြောင်း တောင်သူတွေက ခန့်မှန်းထားကြပါတယ်။
အဲဒီစျေးနူန်းအတိုင်းသာပေါက်ပါက တောင်သူတွေအနေနဲ့ တဧကကို စပါးတင်းတရာ ထွက်ရှိမှသာ စိုက်ပျိုးရိတ်သိမ်းကုန်ကျမှုစရိတ်ရရှိရုံသာ ဖြစ်ကြောင်း ၊တကယ်လို့ စပါးတင်း ၆၀ မှ ၇၀ ကြားသာ ထွက်ရှိပါက အရှုံးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်သူတွေအနေနဲ့ နွေစပါးကို စိုက်ပျိုးလိုခြင်းမရှိဘဲ မိုးကြိုစပါးအဖြစ်သာ စိုက်ပျိုးဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ် ။
” ဘာဆက်လုပ်ရမလဲ မသိသေးဘူး ။ ဖြစ်နိုင်ရင် မစိုက်ချင်ဘူး ။ တခြားတောင်သူတွေ အရိပ်အခြေစောင့်ကြည့် နေတုန်းပဲ ။ ဆည်ရေက တခါတလေ အလယ်လောက်ကျ ပြတ်တာက ရှိသေးတယ်။ ၄ လပိုင်းလောက်ဆို မိုးကြိုစိုက်လို့ရပြီ ။ တခါထဲ အပြီး မိုးကြိုစိုက်ခိုင်းရင် အဆင်ပြေတယ်။ အရှုံးသက်သာတာပေါ့ ။ ဒါမှမဟုတ် စပါးစျေးက ၁၆ သိန်း ၊ ၁၇ သိန်းလောက် ဖြစ်အောင် လုပ်ပေးမှ တောင်သူတွေ သက်သာမယ် ။ စပါး တင်း ၁၀၀၀ လောက်ရောင်းမှ ရွှေတကျပ်သားရမယ့် အခြေအနေဆိုတော့ စပါးစိုက်ပြီး ဘယ်လိုမှ ချမ်းသာစရာ မရှိတော့ဘူး ။ ” လို့ ဧရာဝတီတိုင်းမှ တောင်သူတယောက်က ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီနှစ်နွေစပါးစိုက်ပျိုးရာသီမှာ ဆည်ရေသောက် ဧရိယာအတွင်းထဲက ဆည်ရေဖြန့်ဝေပေးနိုင်တဲ့ လယ်ဧကအားလုံးကို နွေစပါးစိုက်ပျိုးနိုင်ရေး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဒီနှစ် နွေစပါးရာသီမှာဆိုရင် Rice Export Zone အဖြစ် နေပြည်တော် ၊ ပဲခူးတိုင်း ၊ရန်ကုန်တိုင်း နဲ့ ဧရာဝတီ တိုင်းထဲက လယ်ဧက သုံးသိန်းလေးသောင်း ( ၃၄၀၀၀၀)ကို သီးသန့် စပါးစိုက်ပျိုးတဲ့ စနစ်လည်း စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Rice Export zone ဧရိယာအတွင်း စပါးစိုက်ပျိုးမယ့် တောင်သူတွေကို အစိုးရက အတိုးမဲ့နဲ့ ငွေကျပ် နှစ်သိန်းငါးသောင်း ( ၂၅၀၀၀၀) ထုတ်ချေးပေးမှာ ဖြစ်သလို Export ကုမ္ပဏီတွေကလည်း လယ်တဧကကို နှစ်သိန်းကျပ် (၂၀၀၀၀၀) နူန်း ထုတ်ချေးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Export Zone အတွင်းမပါတဲ့ နွေစပါးစိုက်တောင်သူတွေကိုတော့ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်း မရှိဘူးလို့ သိရပါတယ်။
နွေစပါးစိုက်ပျိုးရာသီချိန်မှာ ပြည်တွင်း စားသုံးမှုနဲ့ Export တင်ပို့နိုင်တဲ့ ဆန်အမျိုးအစားဖြစ်တဲ့ သက်ငယ် စပါးတွေကိုသာ အဓိက စိုက်ပျိုးကြတာ ဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေအနေနဲ့ စပါးပေါင် ၅၀ ရှိ တင်းတရာကို ငွေကျပ် ဆယ့်ခြောက်သိန်း နဲ့ ဆယ့်ခုနှစ်သိန်းကျပ်လောက် စျေးရရှိမှသာ.ထိုက်သင့်တဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW