မူဆယ်က ကျားဖြန့်ရုံကို အစိုးရတပ်ဖွဲ့ဝင်တွေ ဝင်စီး၊ တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ၃၁ ယောက် ဖမ်းမိ

ဩဂုတ် ၂၈၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်ထဲက ကျားဖြန့်ရုံကို အစိုးရတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့က ဝင်ရောက်စီးနင်းတာမှာ တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ၃၁ ယောက်ကို ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
ကောင်းမှုတုံရပ်ကွက် မြို့ရှောင်လမ်းမှာရှိတဲ့ နေအိမ်ကို ဝင်စီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၁၈ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၅ ယောက်ကို ဖမ်းမိတာလို့ သိရပါတယ်။
“မနေ့က ဝင်ဖမ်းတာဟုတ်တယ်။ တပ်ရော ရဲရောပါတယ်။ တရုတ်တွေ လည်း မိတယ်။ သတင်းပေးလို့ ဝင်ဖမ်းတာလို့တော့ ပြောတယ်” လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့အတူ ဖုန်းမျိုးစုံ ၄၂၂ လုံး၊ တရုတ်ယွမ် နှစ်သောင်းကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးနေပြီး ပါဝင်ပတ်သက်သူတွေကို ထိထိရောက် ရောက် အရေးယူမယ်လို့ အစိုးရဘက်ကဆိုပါတယ်။
အခုလ ၂၃ ရက်နေ့ကလည်း မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်ထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား တယောက်အပါအဝင် အယောက် ၂၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလ ၁၁ ရက်နေ့ကလည်း မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက်ထဲမှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား အယောက် ၆၀ ကို ဖမ်းဆီးရမိခဲ့ပါ သေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW