ဩဂုတ် ၂၈ ၊ ၂၀၂၆
TG(VOM)
လာမယ့် ၂၀၂၇ ခုနှစ်မှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တင်သွင်းနိုင်ပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်ဖို့ အတွက် လျှောက်လွှာတ စောင်ကို ၅၀၀ ကျပ် နဲ့ စာမေးပွဲဝင်ကြေးအတွက် နှစ်ထောင်တန် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရောင်းချပေးမှာဖြစ်ကြောင်းနဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာလအပြီး တင်သွင်းရမှာဖြစ်ပါတယ်။
” တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့် ကလေးတွေကတော့ ခုကတည်းက စာလုပ်နေပါပြီ။ အပြင်ဖြေသမားတွေဆိုလည်း ကျူရှင်တက်တာတွေ၊ ကိုယ်ပိုင်ကျောင်းတက်တာ စသဖြင့် လုပ်နေပြီဆိုတော့ လျှောက်လွှာတင်သွင်းရမယ့်ကာလက မစောပါဘူး။ ပြီးတော့ နှစ်တိုင်းလည်း ဒီစက်တင်ဘာမှာပဲ တင်သွင်းရတာပါ။ တင်သွင်းရမယ့်ကာလကလည်း တလဆိုတော့ အချိန်ရပါတယ်။ ဒီတလအတွင်း အပြီးတင်ရမယ်ဆိုပေမယ့်လည်း သူတို့ဖြေလျှော့ပေးချင်ရင် စာမေးပွဲမဖြေခင်တရက်အလိုထိတောင် ဖြေဆိုခွင့် တင်ခွင့်ပေးတာရှိတယ်။ ဒီနှစ်မှာပြောင်းလဲတာ လျှောက်လွှာ ဖောင်ကြေးက ၃၀၀ တက်တယ်။ တံဆိပ်ခေါင်းက အရင်က ၇၀၀ တန် ၊ အခုက ၂၀၀၀ တန်ဖြစ်သွားတယ်။ ” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာမှာ ဖြေဆိုမယ့် ဘာသာတွဲအလိုက် အစိမ်းရောင်၊ ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံ အရောင်နှစ်မျိုးခွဲခြား သတ်မှတ်ထားပါတယ်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူတွေက စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှာ စာမေးပွဲဝင်ကြေး နှစ်ထောင်တန် ငွေသွင်းတံဆိပ်ခေါင်း ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာရဲ့ ဘယ်ဘက်ထိပ်မှာကပ်ပြီး အမှန်တကယ်နေထိုင်တဲ့ မြို့နယ် ပညာရေးမှူးရုံးမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
အခြေခံပညာအထက်တန်းကျောင်း နဲ့ ကျောင်းခွဲတွေ ၊ တွဲဖက်ကျောင်းတွေ ၊ တွဲဖက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာမေးပွဲဝင်ကြေးအတွက်ကို ကျောင်းအုပ်ကြီးက စာမေးပွဲဝင်ကြေးနှစ်ထောင် ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းဝယ်ယူပြီး လျှောက်လွှာတစောင်ချင်းမှာကပ်ကာ စုပေါင်းပြီး မြို့နယ်ပညာရေးမှူးရုံးမှတဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကိုသတ်မှတ်ကာလအတွင်း အပြီးတင်သွင်းရမှာ ဖြစ်ပါတယ်။
” ကျွန်မတို့ဆီမှာတော့ ကျရှုံးတဲ့ တက္ကသိုလ်ဝင်ကျောင်းသား လက်ခံတာကို ၇ လပိုင်းနောက်ဆုံး ထားလက်ခံခဲ့တယ်။ ကျောင်းဆက်တက်မယ် ၊ ကိုယ်ပိုင်ကျောင်းနေမယ့်သူဆိုရင် အောင်စာရင်း ထွက်ပြီး ကျတာသိကတည်းက ကျောင်းတွေစုံစမ်းပြီး အပ်ကြတယ်။ တချို့ မနေနိုင်သူတွေကတော့ အိမ်ပြန်ပြီးပဲ ဆက်သကင်ကြတာရှိတယ်။ ခုရှစ်လပိုင်းမှာတော့ ကျောင်းသားလက်ခံတာမရှိတော့ဘူးဆိုတော့ စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုတာက အခက်အခဲမရှိပါဘူး ။ ကျောင်းသားဦးရေလည်း အကန့်အသတ်ရှိပါတယ်။ ” လို့ ပဲခူးတိုင်းအနောက်ခြမ်းက ကိုယ်ပိုင်ကျောင်းရှိ ဆရာမတယောက်က ပြောပါတယ်။
သတ်မှတ်ထားရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့် ရရှိမှာမဟုတ်သလို စာဖြေသူတင်သွင်းတဲ့ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားမှာ ပါရှိတဲ့ ဘာသာတွဲမှအပ တခြားဘာသာတွဲကိုလည်း ပြောင်းလဲဖြေဆိုခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ် ။
ဒါကြောင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်တဲ့အခါ မိမိဖြေဆိုမယ့် ဘာသာတွဲအလိုက် ပုံစံမှန်ကန်မှု ရှိ မရှိကို သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြဖို့လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသားကျောင်းသူ ၂၅၅၂၂၈ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး အဲဒီထဲကမှ ၁၃၃၆၇၃ ယောက်အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
