သူတို့အိမ် အခန်း (၂၀၆)

ဆူးငှက်

 

ရတနာပုံခေတ်မှ အစ၊ ကိုလိုနီခေတ်အလယ်
—————————————————-
တကယ်တော့ နန်းရှေ့ ရေစစ်ကန်ဆိုသည်မှာ မင်းတုန်းမင်း၏ ရတနာပုံနေပြည်တော် ရွှေမြို့တော်၏ အပြင်မြေမြို့ရိုးကြီး၏ အရှေ့ဘက် ကက်ရက်မှာ တည်ရှိသည်။ မန္တလေးကို မြေမြို့ရိုးကြီး ဝန်းရံကာ တံခါး ၅၇ပေါက်ရှိသည်။ ရှင်ဘုရင်စံတော်မူသည် ရွှေနန်းတော်တည်ရှိရာကို တစ်ဖက် တာ၆၀၀ (၁မိုင် ၂ဖာလုံ ၅၅ကိုက်) စီရှိသော မြို့ရိုး ၄ဖက်နှင့် ကာရံထားပြီး တံခါး ၁၂ရပ်ရှိသည်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက်ပေါင်း ၅၄ကွက်နှင့် ဖွဲ့စည်းထား၏။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ထားသည့်အပြင် ဘေးပတ်လည်မှာလည်း ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသော ကန်များအပြင် သဘာဝအင်းများ မြောင်းများ ချောင်းများလည်း ရှိသောကြောင့် ရွှေမြို့တော်၏ လူနေရပ်ကွက် ပတ်လည်မှာလည်း မြေမြို့ရိုးကြီး တာဖို့ခဲ့သည်မှာ ရွှေမြို့တော် တည်စ ၁၂၂၀ခုနှစ် ကတည်းက ဖြစ်သည်။ အချိန်အခါအလျောက် လိုအပ်လျှင် မြေမြို့ရိုးကြီးကို တိုးချဲ့ ပြင်ဆင်ခဲ့ရာ ၃ကြိမ်မြောက် ပြင်ဆင်ပြီးသက္ကရာဇ် ၁၂၃၇ခုနှစ် နှောင်းတန်ခူးလ (၁၈၇၆ခု ဧပြီလ) မှာ တံခါးတော် ၅၇ရပ်နှင့်တကွ နောက်ဆုံး တည်ဆောက် အပြီးသတ်ခဲ့သည်။

 

အပြင်မြေမြို့ရိုးကို မြို့ကြီးလို့ ခေါ်ဝေါ်ပြီး အောက်ခြေထု ၁၀တာ(ပေ၁၁၀ကျော်)၊ ထိပ်ပြင်အကျယ် ၆တာ (၆၇ပေနီးပါး)၊ အမြင့် သံ၁၀တောင်(၁၆ပေ နီးပါး) ရှိသည်။ အပြင် မြေမြို့ရိုးကြီး တည်ဆောက်သောအခါ ရွှေမြို့တော်မှာရှိသော အီတလီ အင်ဂျင်နီယာတစ်ဦးက ညွှန်ကြား ကြပ်မတ်ပြီး မြို့ဝန်ဦးပေစိက ကြီးကြပ် ကွပ်ကဲရသတဲ့။ လုပ်သားပေါင်း ၆သောင်းနှင့် ၈လကြာ တည်ဆောက်ရတော့ လုပ်အားခအဖြစ် ၁တာ (၁၁ပေကျော်)ကို ၃ကျပ် ပေးရသတဲ့။ မြေမြို့ရိုးကြီးမှာ အရှေ့ဘက် မျက်နှာကတံခါး ၁၈ရပ်၊ တောင်မျက်နှာက တံခါး ၁၁ရပ်၊ အနောက်မျက်နှာက တံခါး ၁၈ရပ်၊ မြောက်မျက်နှာက တံခါး ၁၀ရပ်၊ စုစုပေါင်းတံခါး ၅၇ရပ် ပါရှိပြီး အသွားအလာ အဝင်အထွက်များတဲ့ အရှေ့မျက်နှာ ၃နေရာ၊ တောင်မျက်နှာ ၄နေရာ၊ မြောက်မျက်နှာ ၁နေရာတွင် ပြည်သူများ နားနေဖို့ အုတ်ဇရပ်ကြီး ၈ဆောင်ကို ဆောက်လုပ်ပေးထားသည်။

ရှစ်ဌာန သာလာယံ
———————
ထိုဇရပ်ကြီးများတွင် လာရောက်မည့် ရဟန်းရှင်လူ ပြည်သူများအတွက် လက်ဖက်ရည်၊ အချို၊ ကွမ်းဆေး၊ လက်ဖက်ကအစ ချက်ပြုတ် စားသောက်ဖို့ အိုးခွက် ပန်းကန်အပြင် ဂီလာနများအတွက် သမားတော် အနှိပ်တော်တွေ ထားပေးခဲ့သည်။ တံခါးများမှာလည်း အစောင့် အကြပ်အနေနှင့် တံခါးဗိုလ်များကို တံခါးတစ်ပေါက် တစ်ယောက်ကျ ၅၇ယောက် ခန့်ထားပေးသည်။ ယခု မြို့၏ အနောက်ခြမ်းက ရဲတပ်၊ စက်ရိပ်၊ ရေကြည်၊ ပိုက်ကျုံး၊ ဂေါဝိန်၊ ပန်းဆက် စသည့် ရပ်ကွက်များသည် အနောက်ခြမ်း တံခါး၁၈ရပ်ထဲက တည်ရှိရာ တံခါးနေရာ အမည်ကို အစွဲပြုခဲ့သော ရပ်ကွက်အမည်များ ဖြစ်သည်။

 

 

ရတနာနဒီမြစ်တော်
—————————-
ထို့ပြင် မြို့တည် နန်းတည် သတ္တဌာန အပါအဝင်ဖြစ်သော ကျုံးတော်ထဲသို့ ရတနာနဒီ မြစ်တော်ကရေကို ပေးသွင်းစေပါသည်။ ရတနာနဒီမြစ်တော်ဆိုသည်မှာ န္တေလေးတောင် မြောက်ဖက်ရှိ ရွှေလောင်းမြောင်းက ရေသွယ်ယူပြီး မန္တလေးတောင် အရှေ့ဘက် ဘုန်းတော်တိုးအရပ်မှသည် တောင်ဘက် သိုးခြံအရပ် ရောက်အောင် မင်းတုန်းမင်းကြီး လက်ထကတွင် တူးဖောက်ခဲ့သော မြောင်းဖြစ်ပါ၏။ မြစ်ကြီးကဲ့သို့ ကြီးကျယပါပေတယ်ဟု မွှမ်းကာ ရတနာနဒီမြစ်တော်ဟု ခေါ်တွင်ခဲ့သည်။ ရတနာနဒီမြစ်တော်ဘွဲ့ကို ရေးသား ဆက်သွင်းခဲ့သော စာဆိုဦးပုညကိုလည်း ပိုးသားပုဆိုး ၂၊ ခါသာခေါင်းအုပ် ၁၊ သုံးရာတန် စိန်လက်စွပ် ၁ကွင်း ဆုတော် ပေးသနားခဲ့သည်။ မူလ ရွှေလောင်မြောင်းကိုလည်း ရတနာနဒီဟု ခေါ်တွင်စေခဲ့သည်။

 

 

မင်းတုန်းမင်းလက်ထက် တူးဖောက်သည့် ရတနာနဒီနှင့် ရွှေလောင်းမြောင်းကို ဆက်သွယ်ပေသည်က ရွှေကျင်ချောင်း ဖြစ်သည်။ မူလက နှမ်းကြဲအရှေ့ဘက် စမ်းကျရေတံခွန်က စီးဆင်းလာသည့် ရေကျမြောင်းဟောင်း ဖြစ်မည်ဟု ယူဆရသည်။ ရတနာနဒီထဲက ရေကို ကျုံးထဲ စီးဆင်းစေဖို့ ရတနာနဒီမှ အခုသံဃာ့တက္ကသိုလ်တောင်ဘက်၊ ရွှေကျောင်းကြီးနှင့် အတုမရှိကျောင်းကြီး၏ တောင်ဘက်၊ အလုပ်သမားဆေးရုံ တောင်ဘက်၊ အခု ၁၄လမ်း မြောက်ခြမ်းမှ အနောက်ဖက် ကျုံးထဲသို့ မြောင်းဆက်သွယ် ဖောက်လုပ်ခဲ့သည်။
အင်္ဂလိပ်အစိုးရလက်ထက် ဆည်တော်ကြီးဆည်ကို အသစ် တည်ဆောက်ပြီးဆည်တော်ကြီးကနေ ရွှေစာရံအနောက်ဘက် မုံပင်လျှိုအထိ ၄၂ မိုင်ရှည်သော မန္တလေးတူးမြောင်းကြီးကို ၁၉၀၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့သည်။ တမုဆိုး၊ ကံရိုး၊ ရေပုတ်အနီး မိုင် ၄၀ ရှိသော နေရာကို အစွဲပြုပြီးမိုင် ၄၀ ရွာဆိုသည်လည်း ရှိပါ၏။ ဆည်တော်ကြီးမှသည် ရွှေစာရံအနောက်ဘက် မုံပင်လျှိုအထိ ၄၂ မိုင်ရှည်သော မြောင်းဖြစ်ခြင်းကြောင့် မန္တလေးလွင်ပြင်အတွင်းက လယ်ကွင်းများကို နေရာအလွတ်အလပ် မရှိအောင် ရေပေးနိုင်ခဲ့ပါသည်။ မန္တလေးတူးမြောင်းတစ်လျှောက် အနောက်ဘက်ပိုင်း ရေပေးနိုင်တဲ့ ပြွန်ပေါက်များမှာ ဆိပ်သာ ၅လုံး ပြွန်၊ လက်ကောင်း အလယ်ဘုံ၊ ထန်းပင်ကုန်း၊ ကဘဲ့၊ လွန်တောင်း၊ နန္ဒာ၊ ကျောက်သံပတ်၊ ပုသိမ်ကြီး၊ ရန်ကင်းတောင်၊ ရေကြည်၊ ဝါခင်းကုန်း၊ ကျောက်မီး၊ တံတိုင်းရှည်၊ တမုဆိုး၊ ကင်းဘက်ရေပြွန်များမှ တဆင့် လယ်ကွင်းတွေကိုရေပေးခဲ့သည်။

 

 

မန္တလေးတူးမြောင်းနှင့် ရေနီမြောင်း
————————————
မန္တလေးတူးမြောင်း ရေပေးပြွန်ပေါက်များအနက် ပုသိမ်ကြီးမြောင်းက ရေနီမြောင်းနာမည်နှင့် ထင်ရှားရှိခဲ့သည်။ ရေနီမြောင်းဖြစဟု အမည်တွင်မည့် ပင်မမြောင်းက အနောက်တောင်ဘက် ဇီးချိုကုန်း၊ မဲခင်းကုန်း၊ နန်းရှေ့ သရက်ကုန်းဘက်ကို စီးသွားသည်။ မဲခင်းကုန်းနေရာမှာ ရွှေလောင်းမြောင်း(ဆည်မြောင်းအခေါ်ဒင်္ဂါး) ပေါ်ကနေ ဖြတ်ပြီး စီးဆင်းခသည်။ ပုသိမ်ကြီးမြို့၏ မြောက်ဘက် မြောင်းခွဲကတော့ အနောက်ဘက်တည့်တည့် ကျွဲရေကုန်းရွှေကျင်၊ မတ္တရာလမ်း အနောက်ဘက် ခံကုန်းလယ်ကွင်းများ အထိ ရေပေးခဲ့သည်။ ကျွဲရေကုန်းအရှေ့ဘက်မှာ ရွှေလောင်းမြောင်းခွဲ ၂ခု ခွဲထွက်ပြီး အနောက်ဘက်မြောင်းမှာ ရေစစ်ကန် သို့ ဝင်သည့် ကျုံးရေသွင်းမြောင်း ဖြစ်သည်။

 

 

တောင်ဘက်ထွက်သည့် မြောင်းခွဲကတော့ ကံကောက် ဝါခင်းကုန်းဘက် ရောက်အောင် ရေပေးခဲ့သည်။ ပင်မမြောင်းကတော့ အနောက်တောင်ဘက် ဆက်စီးပြီး ယဉ်ပျံ၊ B.B.O.A၊ ဗန်းမော်တိုက်၊ မန္တလေးတက္ကသိုလ်ဝင်း အတွင်းကနေတောင်ဘက် တစ်လျှောက် ချမ်းမြသာစည် လေယာဉ်ကွင်းနှင့် မင်္ဂလာမန္တလေး (စိုက်ပျိုးရေးလေ့ကျင့်ကွင်း) ကြားအတိုင်း မန္တလေး-လားရှိုး မီးရထားသံလမ်းအထိ စီးဆင်းကာ တောင်ဘက် ဇောင်းကလောကန်တွင်းမှာ ဆုံးသည်။ အခုလက်ရှိ ကျုံးအတွင်း ရေပေးသွင်းသည်က ဆည်တော်ကြီးရေကို မန္တလေးတူးမြောင်းမှသည် ရေနီမြောင်းကတဆင့် ရေစစ်ကန်ကို ဖြတ်ပြီး ပေးသွင်းခြင်း ဖြစ်သည်။

 

 

မင်းတုန်းမင်းကြီးက ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် ပန္နက်ချ တည်တော်မူခဲ့သော ကုသိုလ်တော်ဘုရား၏ အရှေ့မုခ်မှသည် အတုလဝေယန် ကျောင်းတော်ကြီး၏ အရှေ့မုခ် တို့ကြား လမ်းမကြီးတစ်လျှောက် မြောက်မှသည် တောင်သိူ့တိုင် မင်းမိဖုရားများကောင်းမှု ကျောင်းတော်ကြီး များ ကိုလည်း တစ်တန်းတည်း စံနစ်တကျ ဆောက်လုပ် လှူဒါန်းစေခဲ့သည်။ ထို့ကြောင့် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာရာမ စိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမ မောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင်မကန်တိုက်၊ ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းကမ်းတိုက်၊ မဟာဓမ္မိကာရာမ စလင်းတိုက်၊ ဝိစိတ္တာရာမ မာန်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှတွေတိုက် စသည့် စိန်တုံးမိဖုရား၊ လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီ နန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ ဒေဝီစုဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်းစုဖုရားလတ်တို့၏ ကုသိုလ် ကျောင်းတိုက်ကြီးများ သည်လည်း ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် တစ်ဆက်တည်းတန်းလျက် တည်ရှိသည်။

 

ဥယျာဉ်မြို့တော်
—————————-
တကယ်တော့ “ဥယျာဉ်မြို့တော်” ဟူသည် ရတနာပုံခေတ်ကတည်းက မန်္တလေးတွင် စတင်ခဲ့၏။ မင်းကြီး မဟာဇေယျသူ ဘွဲ့ခံ ပညာရှိအမတ် ညောင်လှ မြို့စား နိုင်ငံခြားဝန်ထောက်မင်း ဦးချိန်သည် အမှာတော်ရေး ရာထူးနှင့် အမှု ထမ်းစဉ်က မင်းတုန်းမင်းတရားကြီးထံ ဥယျာဉ်တော်(၂၁)ရပ် အကြောင်း “စံရာရွှေနန်း၊ မြနန်းဌာနေ၊ပျော်မွေ့ဖွယ်ပီပီ” အစချီ ပတ်ပျိုး သီချင်းခံကြီးကို ရေးသား ဆက်သွင်းခဲ့သည်။ ထိုစာအရ ရတနာပုံခေတ် ဥယျာဉ်တော်များက ယခု မန္တလေးတောင် အရှေ့ဘက်မှစ၍ တောင်ဘက်သို့ ဆက်တိုက် တည်ရှိသည်ဟု ဆိုသည်။ မဟာဟေမာဇလ၊ မသာအာသောက၊ ကဉ္စနကေသီ၊ သီရိသုမန၊ မဟာသီရိဘုဉ္စန၊ မဟာသီရိမလ္လိက၊ မဟာသိဒ္ဓိဗလ၊ မဟာဇေယဗလ၊ မဟာသီရိမန္ဒာဝရ၊ မင်္ဂလာ၊ မဟာသီရိဟေမဝန်၊ သီရိမနောပထ၊ မဟာသဒုမ၊ မဟာမေဃနာ၊ သီရိမဟာသာရ၊ မဟာမုဒ္ဓိက၊ မဟာဒေဝတာ၊ မဟာသီတလ၊ မဟာဂီရိစိတြ၊ သီရိမနော်ရမံ၊ မဟာဂီရိနန်္ဒဝန် ဟူသော အမည်များ ပေးထားသည်။ ရတနာပုံရွှေမြို့တော်၏ အရှေ့ဘက်က ဥယျာဉ်ကြီးများ ဆီးတားထားသည့် ပုံစံဖြစ်သည်။ ထိုဥယျာဉ်ကြီးများကို သက်ဆိုင်ရာ ဝန်ကြီး မှူးမတ် များအား တာဝန်ပေးကာ ပြုစု စောင့်ရှောက်စေသည်။ မြို့တော်ဝန်ကြီး ရွေးကြီးတာ (၉၀)၊ မကွေးမင်းကြီး တာ(၁၁၀)၊ ပခန်းမင်းကြီး တာ(၉၀)၊ လောင်းရှည်မင်းကြီး တာ(၉၀) စသည်ဖြင့် ဖြစ်သည်။ ထိုဥယျာဉ်ကြီးများမှ ထွက်ရှိသော သီးနှံများ အရွက်အသီး များကို မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ကပ်လှူ ပူဇော်ရသည်ဆို၏။

 

ကိုင်း အခု ကျွန်တော်နှင့် ကိုသန်းဦးရောက်နေတာက ရတနာပုံခေတ် မန္တလေး၏ ဥယျာဉ်တော်ကြီး များအနီး အပြင်မြို့ရိုးကြီး အရှေ့ပေါက်၊ မင်းတုန်းမင်းကြီး ဖောက်သွယ်တော်မူခဲ့သည့် ရတနာနဒီမြစ်တော်၏ အစိတ်အပိုင်းတစ်ခုကို အင်္ဂလိပ်လက်ထက်တွင် ပြုပြင် တည်ဆောက်ထားသည့် ရေစစ်ကန်အနီး အင်္ဂလိပ်လက်ထက် ၁၉၀၂ခုနှစ်က ဖောက်သွယ်ခဲ့သော ရေနီမြောင်း နဘေးမှာ ဖြစ်သည်။ ထိုသို့ ထိုနေရာလေးတွေကို သတိတရနှင့် ဟိုသည်ကြည့်ရင်း ပြောကြရင်း လမ်းအကွေးအတိုင်း ခပ်ဖြည်းဖြည်း နင်းလာသော စက်ဘီးတစ်စီးကို မြင်နေလို့ သူ့အဝတ်အစားကအစ သတိထားမိနေသည်။ အနားရောက်လာတော့ အသားဖြူဖြူသန့်သန့်နှင့် ချောသည့်ဘက် နွှယ်သည့် ရုပ်ရည်ဖြစ်ကာ စီးလာသည့် စက်ဘီးကလည်း ခရမ်းရောင် ဖီးဆင့်လေး ဖြစ်သည်။ ကိုသန်းဦးကလည်း သူ့ဆိုင်ကယ်နှင့် ပွတ်ကာသီသာ ကပ်ရှောင်သည့် စက်ဘီးကို အကဲခတ်၊ စက်ဘီးစီးလာသူကလည်း သည်လိုနေရာမှာ ဆိုင်ကယ် တစ်စီးနှင့် ဟိုကြည့်သည်ကြည့် မသင်္ကာဖွယ် လူ၂ယောက်ကို ခပ်လှမ်းလှမ်းကတည်းက သတိထားမိ။ အခု ၂ဦးသား ကပ်ရှောင်လိုက် ချိန်ကျ ကိုသန်းဦးက စက်ဘီးစီးလာသူကို ရုတ်ခြည်း မှတ်မိသွားကာ အံ့အားတသင့် နှုတ်ဆက်လိုက်သည်။

Related posts

Leave a Comment

VOM News

FREE
VIEW