ဩဂုတ် ၂၈ ၊ ၂၀၂၆
GG (VOM)
မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းရှိ ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ကို ဒီကနေ့ ဩဂုတ် ၂၈ ရက်နေ့မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
မနက်အစော ၄ နာရီလောက်မှာ လက်နက်ကိုင်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားသုံးယောက်က ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်ကာ မီးခံသေတ္တာကိုယူဆောင်သွားတာလို့ သိရပါတယ်။
” ဘေးကဆောက်လက်စတိုက်ကနေဝင်ပြီး တိုက်တာလို့သိရတယ်။ဆိုင်နဲ့အိမ်ကတွဲဖွင့်ထားတာ ။ ပိုင်ရှင်တွေမရှိတာကို သိလို့ဝင်လုပ်သွားတာထင်တယ်။ အိမ်အကူကောင်မလေးရယ်၊ တူမဖြစ်တဲ့ကောင်မလေးပဲရှိတာကို လုပ်သွားတာ။ကောင်မလေးတွေကို ကြိုးနဲ့တုပ်ပြီး မီးခံသေတ္တာမသွားတာ ။ မီးခံသေတ္တာထဲဘာတွေရှိလဲတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ပိုင်ရှင်တွေက ရန်ကုန်သွားတာလို့တော့ ပြောတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အခင်းဖြစ်ရာအိမ်ကိုရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ် ။
အဲဒီဓားပြတိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားကြောင်းသိရပြီး ဖြစ်စဥ်အခြေအနေကို သိရှိဖို့ ကိုကိုနှင့်ညီညီဆိုင်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဩဂုတ် ၁၀ ရက်နေ့ညကလည်း မော်လမြိုင်မြို့ရှိ နေအိမ်တအိမ်ကို အမျိုးသားငါးယောက်က ဝင်ရောက်ပစ္စည်းခိုးမှုရှိခဲ့ပြီး တယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာလည်း မော်လမြိုင်မြို့ပေါ်ရှိ ဖုန်းအရောင်းဆိုင် ၊ ငွေလွှဲငွေထုတ်လုပ်ငန်း ဆိုင်ခန်းတွေ ဖောက်ထွင်းခံရပြီး ပစ္စည်းတွေပါသွားသလို သီရိမြိုင်ရပ်ကွက်ထဲက အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမားဦးအောင်ဟိန်းဦးကိုလည်း သတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပါတယ် ။
၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တအိမ် ဓါးပြတိုက်ခံရပြီး ရွှေထည်နဲ့ ငွေသား စုစုပေါင်း တန်ဖိုးသိန်းတထောင်ကျော် ပါသွားမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ
