ဩဂုတ် ၂၈ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် လမ်းဘေးဆိုင်တွေအကုန်လုံး တလပိတ်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး၊ ရေပိုက်လိုင်းတွေအတွင်း ညစ်ညမ်းရေတွေ ဝင်ရောက်တာကတဆင့် ရေမသန့်ရှင်းမှုကြောင့် ဩဂုတ် ၉ ရက်နေ့မှ စတင်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာ ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်း လမ်းဘေးအစားအစာရောင်းချခြင်းကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ စည်ပင်သာယာရေး ကော်မတီတွေက တားမြစ်မှုတွေ ရှိနေပြီး လက်ရှိမှာလည်း လှိုင်မြို့နယ်က လမ်းဘေးဈေးဆိုင်တွေကို ယာယီ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
“ဒီနေ့ ရောင်းစရာတွေ ရှိထားရင်တော့ ရောင်းပါ။ ဒါပေမယ့် မနက်ဖြန်ကစပြီး မရောင်းနဲ့တော့လို့ ပြောတယ်။ ခိုးရောင်းရင်တော့ ရတယ်။ ဒါပေမယ့် ဒီဆိုင်က စားပြီးမှ ဖြစ်သွားတယ် ဆိုရင်တော့ ငွေနဲ့ဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ကျွန်မတို့ကို အသိပေးသွားတယ်” လို့ လှိုင်မြို့နယ်မှ ရခိုင်မုန့်တီနဲ့ အသုပ်ရောင်းသူက ပြောပါတယ်။
မြို့နယ် စည်ပင်သာယာရေး ကော်မတီက လာရောက် အသိပေးသွားတာဖြစ်ပြီး ဒေသန္တရ ကျန်းမာရေးဌာနရဲ့ ပြောကြားချက်အရ လှိုင်မြို့နယ်ထဲရှိ ၁၆ ရပ်ကွက်မှာ ဝမ်းရောဂါဖြစ်တဲ့သူ အယောက် ၂၀ ကျော် ရှိလာတဲ့အတွက် အခုလို ညွှန်ကြားခြင်းဖြစ်တယ်လို့ သိရပါတယ်။
လမ်းဘေးက အီကြာကွေးဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တွေအပြင် စားသောက်ဆိုင်တွေကအစ တလပိတ်ဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် လမ်းဘေးဈေးသည် တယောက်ကလည်း “တလနားရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ကျွန်မတို့တွေ အရမ်းခက်ခဲသွားမှာ။ အခု ဝမ်းလျှောတဲ့ ကောင်မလေးက ပြောတာတော့ ခေါက်မုန့်ရယ်၊ ဒိန်ချဉ်ရယ် စားလို့ ဖြစ်သွားတာလို့ ပြောတယ်” လို့ ပြောပါတယ်။
ရန်ကုန်အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ အယောက် ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘဲ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပဲ ဝမ်းရောဂါကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ရန်ကုန်မြို့မှာ သြဂုတ် ၁၅ ရက်ကနေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၆၅ ယောက်၊ ရခိုင်ပြည်နယ်မှာ ၈၁ ယောက်၊ မွန်ပြည်နယ်မှာ နှစ်ယောက်၊ ဧရာဝတီတိုင်းမှာ နှစ်ယောက်၊ မန္တလေးတိုင်းမှာ နှစ်ယောက်နဲ့ ပဲခူးတိုင်းမှာ တယောက်၊ စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ယောက်ရှိပြီး အဲဒီထဲမှာ ကာလဝမ်းရောဂါ ဖြစ်ပွားသူ အယောက် ၂၀၀ ရှိကာ ရခိုင်ပြည်နယ်က နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အခုက ဝမ်းရောဂါတွေ တော်တော်ဖြစ်နေတာ။ ဒီရောဂါက များသောအားဖြင့် ရေကြီးရေလျှံကနေတဆင့် ဖြစ်တဲ့ပြဿနာပေါ့။ ဒီနှစ်ကတော့ မိုးပိုရွာတယ်လို့တော့ထင်တယ်။ အဲဒီတော့ မသန့်ရှင်းတဲ့ ရေကနေတဆင့် ကူးစက်မှုတွေ များလာတာ” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
ပုံမှန်ဆိုရင်တော့ ဒီရောဂါက နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီနှစ်ကတော့ ကျန်းမာရေး အသိပညာပေးမှုတွေကြောင့် တော်တော်များများက ဖြစ်တာနဲ့ချက်ချင်း ဆေးရုံ၊ ဆေးခန်းသွားပြီး ကုသမှုခံယူကြတာကြောင့် ဒီရောဂါ ဖြစ်ပွားမှုနှုန်းကို လူပိုသိလာတာဖြစ်ပြီး ဒေတာ တိတိကျကျ ရလာတာလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေအတွက် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်တွေ ဖွင့်လှစ်ထားပြီး ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အများဆုံးဖြစ်နေတာက လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ ဒလ၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတတို့ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
