ဩဂုတ် ၂၈ ၊ ၂၀၂၆
CC (VOM)
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် စည်းမျဥ်းအသစ်က ဒီနေ့စတင်ပြီ ဖြစ်တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ သတိထားနေထိုင်ဖို့ ပြောဆိုနေကြပါတယ်။
အဲဒီစည်းမျဥ်းသစ်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း ၊ တရားမဝင် အလုပ်လုပ်ကိုင်ခြင်း ၊တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်း ၊အစိုးရစာရွက်စာတမ်း အတုပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်း ၊ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သော ကြီးလေးတဲ့ပြစ်မှု ကျူးလွန်ခြင်း ၊ အဲဒီပြစ်မှုကို အဓိကကျူးလွန်သူ၊ လှုံ့ဆော်သူ သို့မဟုတ် အားပေးကူညီသူခြင်း ပြုလုပ်သူတွေဟာ ပြည်နှင်ဒဏ်ချမှတ်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ပြစ်မှုတွေထဲက တခုခုကို ကျူးလွန်ပါက ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချခံရမယ့်အပြင် ကျခံပြီးပါက ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်ကာ အထောက်အထားမဲ့နေထိုင်ပြီး အလုပ်လုပ်နေသူတွေ ၊ တရားမဝင်စီးပွားရေး လုပ်နေသူတွေ စသဖြင့်အားလုံး အသွားအလာ အနေအထိုင် အထူးသတိပြုဖို့ နဲ့ အထောက်အထားရှိသူတွေလည်း ဥပဒေကို လိုက်နာကြဖို့ အကြံပြုပြောဆိုပါတယ်။
” လူသားတိုင်းလိုက်နာရမယ့် စည်းမျဥ်း စည်းကမ်းတွေရှိတယ်။အဲဒါတွေကိုယ့်ဘာသာ ဆင်ဆင်ခြင်ခြင်နဲ့ စည်းကမ်းလိုက်နာရင် ဘာမှမဖြစ်ပါဘူး။ အထောက်အထားအပြည့်အစုံရှိပြီး ဥပဒေချိုးဖောက်ရင်လည်း အပြစ်ခံရနိုင်တယ်။ အထောက်အထားမရှိတာကလည်း အခြေအနေရ ဖြစ်နေတာ ။ အထောက်အထားမရှိသူကတော့ ပိုပြီးသတိထားရမယ့် အခြေအနေဖြစ်လာတာပေါ့။ အထောက်အထားရှိသူကလည်း ဥပဒေလိုက်နာဖို့လိုပါတယ်။ ” လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတယောက်က
ပြောပါတယ် ။
ပြည်နှင်ဒဏ်ပေးခံရတဲ့သူအနေနဲ့ မူလနိုင်ငံ ဒါမှမဟုတ် နိုင်ငံသားဖြစ်တဲ့ နိုင်ငံ ၊ ထိုင်းကို နောက်ဆုံးအကြိမ်မ ဝင်ရောက်မီ နေထိုင် ခဲ့တဲ့ နိုင်ငံကို သက်ဆိုင်ရာလမ်းကြောင်း ၊ နယ်စပ်ဂိတ်ကနေ ပြန်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ ပြည်နှင်ဒဏ်ပေးခံရသူကို နိုင်ငံတကာအဖွဲ့အစည်းတခုခုက တတိယနိုင်ငံကိုပို့ပေးဖို့ တရားဝင်တောင်းဆိုပါက ပြန်ပို့စရိတ် နဲ့ အဲဒီလူကို စောင့်ရှောက်ရန် ကုန်ကျစရိတ်ကို တာဝန်ယူပေးမယ်ဆိုရင် တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးမယ်လို့ ထိုင်းကဆိုထားပါတယ်။
တတိယနိုင်ငံကို ပို့ပေးဖို့ တောင်းဆိုမှုကို သံတမန်နည်းလမ်းအရ ၇ ရက်အတွင်းတောင်းဆိုရမှာ ဖြစ်ပြီး တောင်းဆိုလာပါက ရက်ပေါင်း ၃၀ အတွင်း ပြည်နှင်ဒဏ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရောက် မြန်မာလုပ်သားတယောက်က “သူတို့ ဥပဒေအရဆိုရင် အထောက်အထားမရှိသူတွေ အသွားအလာ ဆင်ခြင်ရမှာပေါ့။ ဒါပေမယ့် တဖက်ကနေကြည့်ရင် ထိုင်းက နိုင်ငံခြားသား လုပ်သားအပေါ်မှီခိုနေရတာ။ အထောက်အထားမဲ့တွေသာ အကုန်ပြည်နှင်ဒဏ်ပေးမယ်မထင်ဘူး ။ နည်းလမ်းတခုခုကတော့ ရှိမှာပါ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က သတိနဲ့နေတာ အကောင်းဆုံးပဲ ။ အထောက်အထားရှိတယ်ဆိုပြီးလည်း စည်းကမ်းမလိုက်နာရင် ဥပဒေကညိမှာပဲ ။ အကုန်လုံး ဂရုစိုက်နေရမှာပေါ့။ ကျွန်တော်ဆို တရားဝင်လာတာပါ ။ ဒါပေမယ့် ခုကစလို အစစအရာရာသတိထားနေရမှာ ။ ” လို့ ပြောပါတယ်။
မနေ့က ဩဂုတ် ၂၇ ရက်နေ့ကပင် ထိုင်းနိုင်ငံ ၊ဖူးခက်ခရိုင်မှာ ကလေး ရှစ်ယောက်ကို အခကြေးငွေယူပြီး ထိန်းကျောင်းပေးတဲ့ အသက် ၄၀ နှစ်အရွယ် မြန်မာအမျိုးသမီး တရားမဝင်ကလေးထိန်းကျောင်းမှုလုပ်ကိုင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါအပြင် ဘန်ကောက်မြို့နယ်ထဲက တနေရာမှာ ဖဲကစားတဲ့ မြန်မာလေးယောက်လည်း မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းခံခဲ့ရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သား အပါအဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေရှိနေပြီး ပြစ်မှုကကျခံပြီးသူတွေကို သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့နေရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ကနေ ဩဂုတ်လအတွင်းမှာ မြန်မာကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ သွားရောက်လုပ်ကိုင်မှုအများဆုံးနိုင်ငံဖြစ်ပြီး အခုနောက်ပိုင်းမှာ တရားဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုအပေါ် အသက်ကန့်သတ်ထားတဲ့အပြင် စတဲ့အဆင်မပြေမှုတွေကြောင့် တရားမဝင်လမ်းကနေ ဝင်ရောက်မှုပိုများလာနေပါတယ် ။
ဓာတ်ပုံ – CJ ( ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လည်ပို့ဆောင်စဥ်)
