ဩဂုတ် ၂၉ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ဆန်စပါးစျေးကွက်မှာ စပါးတင်းတရာကို အမြင့်ဆုံး ကျပ်ငါးသိန်းလောက်အထိ ထပ်တက်လာသလို ဆန်စျေးကလည်း တအိတ်ကို ၅၀၀၀ မှ ၁၅၀၀၀ လောက်ထပ်တက်လာတယ်လို့သိရပါတယ် ။
ဧရာဝတီတိုင်းအတွင်း စပါးခင်းတွေရေနစ်မှုအခြေအနေ ၊ မြေပြင်မှာ စပါး ရှားလာခြင်း ၊ ရန်ကုန်က ဝယ်လက်တွေ ဝယ်လိုအားများလာခြင်း စတဲ့ အခြေအနေတွေကြောင့် ဩဂုတ်လကုန်ပိုင်းမှာ ဆန်စပါးစျေး ထပ်တက်တာဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ရန်ကုန်က ဝယ်လက်ကုန်သည်တွေဟာ စပါးကို အောက်တိုဘာလမှာသာ ဝယ်ယူသိုလှောင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ အချိန်စောပြီး ဩဂုတ်လအတွင်း ဝယ်လိုအားများခဲ့တယ်လို့ သိရပါတယ် ။
“အဓိကရန်ကုန်ဝယ်လက်လှောင်တဲ့သူက အဟောင်းတန်းကိုလှောင်ဖို့ ကြိုပြီးတော့ဝယ်တာ ၊ ပုံမှန်ဆိုရင်သူတို့က ဆယ်လပိုင်းလောက်မှ ဝယ်တာကို ရေကြီးသံကြားတော့ ကြိုဝယ်ကြတာ။ ၁၁ ၊ ၁၂ ၊ ၁ လပိုင်းအထိရောင်းမယ့်ဆန်ကို ကြိုဝယ်ပြီးလှောင်တာပေါ့။ရေသံလေးလည်းကြားလိုက်ရော အခု ၈လပိုင်းထဲထိုးဝယ်လိုက်တော့ ဒီလထဲ စျေးကထိုးတက်သွားရော ။ရေကြီးတဲ့အသံလေးကြားတာကို သူတို့က စပါးပျက်တာများရင် နောက်ထွက်လာမယ့် ကောက်စောစပါးကျရင် အဟောင်းစျေးကတအားထိုးတက်နိုင်တယ်။အဲဒါကိုကြောက်လို့ဝယ်တာလည်းပါတယ်။ဒါကြောင့်စျေးတက်တယ်။အမှန်တကယ်လည်း စပါးက အောက်မှာရှားနေတယ်။လက်ရှိ စပါးက ကျန်တော့ကျန်သေးတယ် ၊ကျန်တဲ့သူတွေကလည်း စျေးတအားခေါ်တယ်။” လို့ ဧရာဝတီတိုင်း ဆန်စပါးကုန်သည်များအသင်း တာဝန်ရှိသူက ပြောပါတယ် ။
ဒီလဩဂုတ် ၂၆ ရက်၊ ဧရာဝတီတိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆန်စျေးနူန်းတွေက ဧရာဝတီပေါ်ဆန်း (ပုသိမ်) တအိတ်ကို ၁၇၅၀၀၀ မှ ၁၈၀၀၀၀ ကျပ်၊ ပေါ်ဆန်းရင်က ( နယ်စုံ) ၁၆၅၀၀၀ မှ ၁၇၀၀၀၀ ကျပ် ၊ကောက်ကြီးပေါ်ဆန်းက ၁၅၀၀၀၀ မှ ၁၅၅၀၀၀ ၊ တောင်ပျံပေါ်ဆန်းက ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ် ။
ရက် ၉၀ က ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ် ၊ရေဆင်း (သီးထပ်)နဲ့ ပခန်း(နယ်စုံ) ၊ GW11 ဆန်တွေက ၉၀၀၀၀ မှ ၉၅၀၀၀ ကျပ် ၊ ဆာဖိုးသာက ၉၅၀၀၀ ၊ သုခက ၉၀၀၀၀ မှ ၉၂၀၀၀ ကျပ်ရှိပါတယ်။
စပါးစျေးကွက်မှာဆိုရင် ဧရာဝတီပေါ်ဆန်းစပါး (ပုသိမ်)တင်းတရာကို ၅၂ သိန်း ကျပ်၊ ပေါ်ဆန်းရင်က ( နယ်စုံ)စပါးက ၄၈ သိန်း ၊ကောက်ကြီးပေါ်ဆန်းက ၄၃ သိန်း ၊ တောင်ပျံပေါ်ဆန်းက ၅၀ သိန်းကျပ်ရှိပါတယ် ။
ရက် ၉၀ စပါးက ၃၀ သိန်း ၊ရေဆင်း (သီးထပ်)နဲ့ GW11 စပါးတွေက ၂၅ သိန်း ၊ ပခန်း(နယ်စုံ)က ၃၀ သိန်း ၊ ဆာဖိုးသာ နဲ့ ရက် ၁၀၀ စပါးက ၂၅ သိန်း ၊ သုခက ၂၇ သိန်း ရှိပါတယ်။
ဩဂုတ် ၁၃ ရက်က ဧရာဝတီတိုင်း စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဆန်စပါးစျေးကွက်နဲ့ ယှဥ်ရင် အခုလကုန်ပိုင်းမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ မှ ၁၅၀၀၀ ကျပ်၊ စပါးအမျိုးအစားအလိုက် တအိတ်ကို တသိန်းကျပ်မှ ငါးသိန်းကျပ်အထိ စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။
” စပါးစျေးတက်မှပဲ တောင်သူတွေလည်း အဆင်ပြေမှာ ။ ဒီနှစ်က ပျက်စီးတဲ့အခင်းက ပျက်ဆိုတော့ အထွက်ကတော့ လျော့နိုင်တယ်။ စပါးစျေးလေးကောင်းတယ်ပြောရမယ့်နှစ်ကျမှ တောင်သူတွေလည်း အခင်းတွေရေနစ်ရတယ်။ စပါးစျေးကောင်းတယ်သာ ပြောရတာပါ စပါးတရာကို သိန်းနှစ်ဆယ်ရတောင် ရွှေတကျပ်သားရဖို့က စပါးငါးရာကျော်ရောင်းမှရမယ်။ လယ်သမားတွေမြတ်တယ်ဆိုတာက ခုခေတ်ဖြစ်နေတဲ့ ကုန်စျေးနူန်းနဲ့ယှဥ်ရင် နည်းနေပါသေးတယ်။ ” လို့ တောင်သူတယောက်က ပြောပါတယ် ။
လက်ရှိမှာ ဧရာဝတီ တိုင်းထဲက လေးမျက်နှာမြို့နယ်အပါအဝင် ငါးသိုင်းချောင်း ၊ကျုံပျော်၊ရေကြည်၊ကျောင်းကုန်း ၊ဟင်္သာမြို့နယ်တွေထဲက မိုးစပါးစိုက်ဧကတွေ ရေနစ်မြုပ်ပျက်စီးမှုရှိနေပါတယ်။
ဧရာဝတီ တိုင်းဟာ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများနဲ့ထွက်ရှိတဲ့ဒေသဖြစ်ပြီး ဒီနှစ်မှာ မိုးစပါးဧက သုံးသန်းကျော်စိုက်ပျိုးထားတယ်လို့ တိုင်းအစိုးရအဖွဲ့စာရင်းအရ သိရပါတယ် ။
ဓာတ်ပုံ – CJ
