နိုဝင်ဘာ ၄၊ ၂၀၂၅။
NN(VOM)
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံးစိုက်ရာမြို့ကို ဟိုပန်မြို့ကနေ မက်မန်းမြို့ကို ရွှေ့ပြောင်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက စက်တင် ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၃၁ မှာပါတဲ့ အခွင့်အာဏာကိုသုံးပြီး အခုလို အပြောင်းအလဲ လုပ်လိုက်တာလို့ ဖော်ပြထားပါတယ်။
“မက်မန်းက အရင်ကတည်းကလမ်းပန်းဆက်သွယ်ရေး ခက်တယ်။ ပန်ဆန်းကနေ တကူးတက သွားရတာ။ အရင်ကတည်းက မဖွံ့ဖြိုးဘူး။ ဟိုပန်က ပိုဖွံ့ဖြိုးခဲ့တာ။ အခု အစိုးရ ရုံးစိုက်ရင်တော့ အရင်ထက် ကောင်းလာမလား မျှော်လင့်ရတာပဲ” လို့ ဟိုပန်မြို့ ခံ တယောက်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (စ) အရ ရှမ်းပြည်နယ်အတွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်ခြောက်ခုကို “ဝ” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီထဲက ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့တွေကို UWSA “ဝ” တပ်ဖွဲ့က အရင် ကတည်းက ထိန်းချုပ်ထားပြီး ဟိုပန်မြို့နယ်၊ ပန်လုံမြို့နဲ့ မက်မန်းမြို့နယ် ကို အစိုးရ ကထိန်းချုပ်ထားတာပါ။
၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ဇန်နဝါရီ ၅ ရက်နေ့မှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဟိုပန်မြို့နဲ့ ပန်လုံမြို့နှစ်မြို့ကို သိမ်းပိုက်ခဲ့ပြီး UWSA “ဝ” တပ်ဖွဲ့က အဲဒီမြို့တွေကို လက်လွှဲယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် “ဝ” တိုင်းလို့ အစိုးရသတ်မှတ်ထားတဲ့ မြို့နယ်ခြောက်ခုထဲက မက်မန်းမြို့ နယ်တစ်မြို့နယ်သာ အစိုးရအုပ်ချုပ်မှုအောက်မှာရှိပြီး ကျန်မြို့နယ်တွေကို UWSA “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။
