ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံထားရသူတွေထဲက လေးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
CC (VOM)
ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံထားရတဲ့အထဲက အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေက နိုဝင်ဘာ ၁၉ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့နယ် နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင်ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကိုတော့ ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်နိုင်ကြည်ဝင်း နဲ့ အောင်ရဲထွဋ်တို့ကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)အရ အမှု ခုနှစ်ခုစွဲဆိုခဲ့ကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး မယမင်းထက်ကိုလည်း ပုဒ်မ ၂၃ ( က) အရ ခြောက်မှုစွဲဆိုခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ် တယ်လို့သိရပါတယ်။
လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် နဲ့ အနောက်ပိုင်းမြို့နယ်မှာ စက်တင်ဘာလတုန်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာတွေ လိုက်ကပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးပြီး နှစ်လအကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ထောင်ကျမယ် ဆိုတာသိပေမယ့် ဒီလောက် အများကြီး ချခံရမယ်လို့တော့ မထင်ခဲ့ဘူး ။ ပုဒ်မတခုတည်းကိုပဲ အမှုတွေသီးခြားထပ်ဖွင့်ပြီး လုပ်လိုက်တော့ ပြစ်ဒဏ်က ပိုများသွားတယ် သိရတယ်။ အသက်ငယ်ငယ်လေးတွေ ပါ။ အခုတော့ သူတို့ဘဝက လွတ်ငြိမ်းမျှော်ဖို့ပဲရှိတော့တယ် ။ ဒီဥပဒေနဲ့ လွတ်အောင် နေကြပါဗျာ ။ ” လို့ မိသားစုနဲ့ နီးစပ်တဲ့ လိူင်သာယာ အနောက်ပိုင်းမြို့နယ် နေထိုင်သူတယောက်ကပြောပါတယ်။
အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို မော်လမြိုင် ခရိုင်တရားရုံးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ ထောင်ဒဏ် ၁၇ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့က ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲ ဖျက်ဆီးခဲ့တဲ့အတွက် ဦးအောင်မြင့်ကို နိုဝင်ဘာ ၅ ရက်မှာ ဖမ်းဆီးခဲ့ပြီး ၁၅ ရက်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခံရရင် အာမခံလည်း ရတာမတွေ့သလို ခံဝန်နဲ့ပြန်လွှတ်ပေးတာ မျိုးလည်းမရှိသေးဘူး ။ အမှုဖွင့် ရုံးတင်ပြီဆိုတာနဲ့ သိပ်မကြာဘူး ထောင်ဒဏ်ချခံရတယ် ။ ဆိုတော့ဗျာ ကိုယ်က ပြည်တွင်းမှာ နေနေတဲ့ သူမျိုးဆိုရင် ကိုယ့်အန္တရာယ်ကို ကိုယ့်ဘာသာကြည့်ရှောင်ကြပါ။ ရွေးကောက်ပွဲ ဥပဒေနဲ့ညိရင် ဘယ်သူမှ မကယ်နိုင်ဘူး ။ ” လို့ နိုင်ငံရေးသမား တယောက်က ပြောပါတယ် ။
စက်တင်ဘာ ၉ ရက်ကလည်း ရွေးကောက်ပွဲဥပဒေနဲ့ ပထမဆုံး စတင် အရေးယူခံခဲ့ရတဲ့ ရှမ်းပြည်နယ် ၊ တောင်ကြီးမြိုမှ အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူကို တောင်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချမှတ်မှု ရှိခဲ့ပါတယ်။
ဒါကြောင့် ခုဆိုရင် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲက ထောင်ဒဏ်ချမှတ်ခံရသူ ငါး​ယောက်အထိရှိ နေပြီဖြစ်ပါတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူကတော့ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW