အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်း ပိတ်ထားမှု လေးရက် ထပ်တိုး

နိုဝင်ဘာ ၂၀ – ၂၀၂၅
SS (VOM)
အိန္ဒိယ – မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းတွေမှာ ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါ အခြေအနေကြောင့် အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်ထားမှုကို နှစ်နိုင်ငံ တာဝန်ရှိသူ‌တွေက လေးရက် ထပ်မံ တိုးမြှင့်လိုက်တယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ပလက်ဝနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နဲ့ ဆယာဟာ ခရိုင်အတွင်းက ကျေးရွာတွေမှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့အတွက် သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မီဇိုရမ်ပြည်နယ်က နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ကာကီ၊ တွီဒန်းနဲ့ တက်ပုချေ စတဲ့ လမ်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်နေ့အထိ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပြီး လက်ရှိမှာတော့ နိုဝင်ဘာ ၂၄ ရက််နေ့အထိ ရက်ထပ်မံတိုးမြှင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
“ဒီရောဂါ‌ ဖြစ်တာကတော့ နိုဝင်ဘာ လဆန်းပိုင်းက စဖြစ်တာ။ ‌သေဆုံးသူတွေက စစ်ရှောင်တွေရော၊ ဒီက ဒေသခံတွေ‌ရောပေါ့။ ကလေးတွေလည်း ပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရောဂါကို ထိန်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။ လောလောဆယ်ကတော့ အသွားအလာတွေ ကန့်သတ်ထားတာကပဲ ပိုအဆင်ပြေနိုင်မယ်။ ဆေးဝါးအကူညီ၊ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် အများကြီး လိုအပ်နေတဲ့ အခြေအနေပါ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ လောင်တလိုင်ခရိုင်ရှိ ကာကီ၊ တွီဒန်း ကျေးရွာနှစ်ရွာနဲ့ ဆယာဟာခရိုင်၊ လောင်မဆူ ကျေးရွာတွေမှာ ဝမ်းရောဂါ ဖြစ်ပွားနေတာဖြစ်ပြီး ရောဂါကူးစက်ခံရသူ အယောက် ၃၀၀ ဝန်းကျင် ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ AA က ၊ NGO,CSO တွေနဲ့ ပူးပေါင်းပြီး ဆေးကုသရေး လုပ်ငန်းတွေ၊ ရောဂါ ပျံ့ပွားမှုမရှိအောင် ထိန်းချုပ်ရေး လုပ်ငန်းတွေ၊ ကြို တင်ကာကွယ်ရေး လုပ်ငန်းတွေကို နိုဝင်ဘာ ၄ ရက်နေ့မှ စတင်ကာ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လက်ရှိမှာ ကူးစက်လူနာအသစ် ၅ ရာခိုင်နှုန်း လျော့ကျသွားပြီ ဖြစ်သလို ကူးစက်မှုလည်း လျော့ကျလာပြီ ဖြစ်တဲ့အတွက် ပလက်ဝခရိုင်နဲ့ ဆက်စပ်ဒေသတွေက အန္တရာယ်ရှိတဲ့အုပ်စု (Risk group) တွေကို ဝမ်းပျက်ဝမ်းလျှော ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်ဆေးတွေ တိုက်ကျွေးတာ၊ အသိပညာပေးတာတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
အခုလို ဝမ်းရောဂါ ဖြစ်ပွားလာတာဟာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ ခရီးသွားလာသူ များပြားခြင်း၊ သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်းနဲ့ ယင်လုံအိမ်သာ နည်းပါးခြင်းတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက သုံးသပ်ကြပါတယ်။
အခုလို ကူးစက် ဝမ်းရောဂါ အခြေအနေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ပင်ထားတဲ့အတွက် အိန္ဒိယဘက်မှာ ရခိုင်ကုန်သည် ရာနဲ့ချီ ပိတ်မိနေသလို ရခိုင်ဘက်မှာလည်း ကုန်စည် ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။
“အခုက အဝင်ရော၊ အထွက်ရော အကုန်ပိတ်ထားတာပါ။ နယ်စပ်က ရွာတွေမှာ ရောက်နေကြတဲ့ ကုန်သည်တွေကတော့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အကုန် ဒုက္ခရောက်နေတယ်။ ကုန်ကားတွေဆိုရင်လည်း ကုန်အပြည့်ပဲ။ ပိတ်တာ ဒီထက် ရက်ကြာလာရင်တော့ မကောင်းဘူးပေါ့။ အကျိုးဆက်အနေနဲ့ ကုန်တွေပျက်စီး ဆုံးရှုံးမှာ စိုးရိမ်ရသလို၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်ဈေးနှုန်း မြင့်တက်တာတွေ ဖြစ်လာနိုင်တယ်” လို့ ကုန်သည်တယောက်က ပြောပါတယ်။
လက်ရှိ ပိတ်ပင်လိုက်တဲ့ နေရာတွေဟာ ရခိုင်ကကုန်သည်တွေ ကုန်သွယ်မှု ပြုလုပ်ရာမှာ အဓိက ဖြတ်သန်းသွားလာနေရတဲ့ လမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက အဲဒီဒေသမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတာ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ လက်ရှိမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အဓိက အားထားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW