ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ်ထဲက AA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြို့နယ် ငါးခုမှာ လေကြာင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရသေ့တောင်မြို့နယ် ၊ မြောက်ဦး ၊ ပုဏ္ဍားကျွန်း ၊ ပေါက်တော မြို့နယ်တွေမှာ ည ၉ နာရီ ကျော်လောက်က စပြီး ည ၁၂ နာရီ ကျော်တဲ့အထိ လေကြောင်းကနေ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး ဂွမြို့နယ်မှာတော့ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ပုဏ္ဏားကျွန်း မြို့နယ်က ခမောင်းတောရွာ နဲ့ တောင်ပေါက် အပါအဝင် ကျေးရွာ အချို့မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရပြီး ရသေ့တောင် မြို့နယ်မှာတော့ ရေပိုက်ဆုံ ကျေးရွာ ဘက်မှာ လေကြောင်းကြဲ ချ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ရသေ့တောင် ရေပိုက်ဆုံရွာမှာ အိမ်သုံးလုံးတော့ ထိခိုက် ပျက်စီးမှု ရှိပါတယ်။ လူထိခိုက်တော့ မရှိဘူး သိရတယ် ။ ” လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
ပေါက်တော မြို့နယ်မှာက သဲခုံရွာ ဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး မြောက်ဦးမြို့နယ်မှာလည်း ရဲတပ်ရင်း (၃၁) ဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ရဲတပ်ရင်းဘက်က လူသိပ်မရှိတော့ အထိခိုက်မရှိ ဘူးသိရပါတယ်။ ” လို့ မြောက်ဦး ဒေသခံက ပြောပါတယ်။
ဂွမြို့နယ်ထဲမှာက ဒီကနေ့ မနက် ၁၁ လောက်မှာ လေကြောင်း တိုက်ခိုက်မှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ထိခိုက် သေဆုံး မရှိပါဘူး ။ ဂွမှာက အရင်ရက်က လည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ် ။ ” လို့ စစ်ရှောင် ကူညီနေသူ ကပြောပါတယ် ။
လေကြောင်း တိုက်ခိုက်မှုအတွင်းမှာ ကနဦးသိရှိချက်အရတော့ လူထိခိုက် သေဆုံး မရှိဘူးလို့ သိရပါတယ်။
အဆိုပါ မြို့နယ်တွေ မှာ လေကြောင်း တိုက်ခိုက်ခံရ မှုနဲ့ ပတ်သက်ပြီး AA ဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ တွေ့ရှိရပြီး ထိခိုက် ၊သေဆုံး ဒဏ်ရာရ အခြေအနေကို ထပ်မံ ထုတ်ပြန်ပေးမယ်ဆိုပြီး ပြောဆိုထားတာ တွေ့ရပါတယ် ။
ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက် ခံရပြီး ရှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ် လို့ သိရပါတယ်။
အဆိုပါ မြောက်ဦးမြို့နယ် ရှိ ဆေးရုံ လေကြောင်း တိုက်ခိုက်မှု အတွင်းသေဆုံး နဲ့ ဒဏ်ရာရသူ တွေဟာ အရပ်သား ပြည်သူမဟုတ်ပဲ အကြမ်းဖက်အားပေး တွေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေ သာဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါ ဆေးရုံက အစိုးရမှ တရားဝင်ပိတ်သိမ်းထားတဲ့ ဆေးရုံဖြစ်ပြီး အဲဒီနောက်မှာ AA က ခိုအောင်း အခြေပြုပြီး ဆေးရုံ အသွင်အပြင် အဖြစ် အကာအကွယ် ယူဖွင့်လှစ် ထားတဲ့ စစ်စခန်းတခုအဖြစ် အသုံးပြုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
AA နဲ့ ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စတဲ့ လက်နက်ကိုင်တပ်တွေက အဆိုပါနေရာကို ဆေးရုံအသွင်အပြင် အဖြစ် အခြေပြုထားတဲ့ စစ်စခန်းအဖြစ် အသုံးပြုနေတဲ့ အပြင် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ် တွေလည်း ဆောင်ရွက်မှု ရှိနေတယ်လို့ သိရပါတယ် ။
ဒါကြောင့် အစိုးရအနေနဲ့ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ်ထား ပါတယ်။
တပ်မတော်အနေနဲ့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နဲ့ အညီ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီးလည်း တဆက်တည်း သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ
