ဖားကန့်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် တိုက်ပွဲပြင်းထန်နေ

ဧပြီ ၂၀ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိ​နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်ဟာ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းမှာ စခန်းချထားတဲ့ KIA ရဲ့ ကာကင်းစခန်းတွေကို ဧပြီ ၁၁ ရက်နေ့က ပြန်လည် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲ ပိုမို ပြင်းထန်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဧပြီ ၁၉ ရက်ကလည်း ဖားကန့်မြို့၊ မှော်၀မ်းအုပ်စု၊ နမ့်မဖြစ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းကွင်းထဲ အစိုးရတပ်တွေ ဝင်ရောက်လာချိန် မိုင်းပေါက်ကွဲကာ အစိုးရတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ အယောက် ၂၀ ဝန်းကျင် ထိခိုက် ကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“အစိုးရတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက မနေ့ မနက် ၅ နာရီလောက်ကစပြီး နယ်မြေရှင်းလင်းရေး လုပ်လာတာ။ အဲဒီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက ဖားကန့် – ကာမိုင်းလမ်းမပေါ်၊ မှော်စီစာကျေးရွာနဲ့ နမ့်မဖြစ်ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မိုင်းကွင်း‌ထဲ တည့်တည့် ရောက်သွားတော့ သေဆုံးများတယ်” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာ၊ သင်္ချိုင်းကုန်းအနီးမှာလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် အယောက် ၃၀ ဝန်းကျင် ထိခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်ဘက်က အကျဆုံးနဲ့ပတ်သက်လို့ တပ်ဘက်ကထုတ်ပြန်တာမရှိသလို VOM အ​နေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိ​သေးပါဘူး။
ဒါအပြင် မနေ့ ဧပြီ ၁၉ ရက်၊ မနက်အစောပိုင်း ၄ နာရီဝန်းကျင်ကလည်း အစိုးရတပ်က လုံးခင်းကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဆောင်ချိန်ရပ်ကွက်အနီးမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲအတွင်း လုံးခင်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့အတွက် တယောက် သေဆုံးခဲ့သလို မနေ့ည ၁၀ နာရီဝန်းကျင်ကလည်း ဆိုင်းတောင်၊ မော်လကင်ဒေသဘက်ကို လက်နက်ကြီး ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း KIA ပူးပေါင်းတပ်တွေက ရှေ့တန်းကင်းစခန်း ခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ရေးအရ အရေး ပါတဲ့ မရှီကထောင်ရပ်ကွက်ရှိ ဆုတောင်းကုန်းစခန်းကိုတော့ အစိုးရတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေသုံးကာ ပြန်လည် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ဖားကန့် – လုံးခင်းလမ်းပိုင်းကို အသုံးမပြုကြဖို့ KIA ပူးပေါင်းတပ်တွေက သတိပေးထားပြီး အစိုးရတပ်ဘက်ကလည်း အင်အားထပ်မံ ဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW