ဩဂုတ် ၂၂ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်ထဲက ငပလီမြို့ နဲ့ ဂွမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ၂၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။
ဩဂုတ် ၂၁ ရက်နေ့ တရက်တည်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ငပလီကို မနက်အစောပိုင်း ၂ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်ကိုတော့ မနက်ပိုင်း ၅ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီတိုက်ခိုက်မှုမှာ ငပလီမြို့က တယောက်သေပြီး ၁၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဂွမြို့နယ် ၊ ညောင်ချောင်းရွာက ခုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
” ဗုံးအလုံးရေတော်တော်များများကြဲသွားတာ ။ သိရသလောက်ဆို ငပလီဘက်မှာ အဆောက်အဦတွေလည်း တော်တော်ကို ရစရာမရှိအောင် ပျက်စီးကုန်ပြီသိရတယ်။ လူသေဆုံးတာအပြင် အိမ်တွေလည်းပျက်စီးခဲ့တယ် သိရတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သေဆုံးတယောက်နဲ့ ထိခိုက် ဒဏ်ရာရသူ ၂၂ ယောက်ရှိကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားပြီး ငပလီမြို့ နဲ့ ဂွမြို့နယ်မှာ ဂျက်တိုက်လေယာဉ် (၈) စီး၊ Y12 (၁) စီး၊ Y8 (၁) စီးတို့ဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၁၀၀) ခန့် ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဩဂုတ် ၁၀ ရက်နေ့ ကလည်း သံတွဲမြို့နယ်ထဲက ကျောက်ကြီးကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ၁၀ ယောက်ထက်မနည်းသေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်အလုံး ၂၀ လောက်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
