ဩဂုတ် ၂၂ – ၂၀၂၆
SN (VOM)
အဆုတ်ထဲ ပိုးဝင်လို့ ဝိတိုရိဆေးရုံ၊ ICU အရေးပေါ်ခန်းမှာ ဆေးကုသမှု ခံယူနေရတဲ့ တေးရေးဆရာ အဆိုတော် ကိုင်ဇာဟာ ဒီကနေ့ ဩဂုတ် ၂၂ ရက်၊ ည ၈ နာရီဝန်းကျင်မှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုတော်ကိုင်ဇာ ကွယ်လွန်တာနဲ့ ပတ်သက်လို့ အဆိုတော် မေခလာက
“ဒီပွဲလေးဟာ ကျွန်မတို့ သူငယ်ချင်းသုံးယောက် နောက်ဆုံး အတူဆိုရမယ့်ပွဲလို့ ဘယ်သူထင်ကြမလဲနော်။ ကိုညီ ကောင်းရာသုဂတိ လားပါစေ” လို့ သူမတို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ Live Show ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဝမ်းနည်းစကား ဆိုထားပါတယ်။
အဆိုတော်ကိုင်ဇာ (ခ) ဦးညီညီဝင်းဟာ ၁၉၆၁ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မြန်မာ့ဂီတလောကမှာ တေးရေး၊ တေးဆိုအဖြစ် နှစ်ပေါင်းများစွာ အောင်မြင်စွာ ရပ်တည်ခဲ့သူဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီလို့ သိရပါတယ်။
ထားဝယ်သားတယောက်ဖြစ်ကာ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းနဲ့ ၁၉၈၀ ပြည့်နှစ်တဝိုက်တို့မှာ စတင် ကျော်ကြားခဲ့ပြီး သူ့ရဲ့ သီချင်းတွေကို လူကြီးရော၊ လူငယ်တွေပါမကျန် နှစ်သက်ခဲ့ကြပါတယ်။
ထွက်ရှိခဲ့တဲ့ တေးစုတွေကတော့ အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ (၁၉၇၇)၊ အလွမ်း (၁၉၇၈)၊ အနမ်းပန်း (၁၉၇၉) (မေဆွိ)၊ သီချင်းရှင်ကိုကြင်နာပါ၊ မနိုးပါစေနဲ့ မိုးရယ် (၁၉၈၀)၊ နောက်တစ်ခေါက်လောက် ထပ်ပြောပါ (၁၉၈၁)၊ တူနှစ်ကိုယ်တိုင်းပြည် (၁၉၈၃) (မေဆွိ)၊ ကမ္ဘာတည်ရှိသရွေ့ (၁၉၈၈)၊ အိပ်မက်များကိုတီထွင်သူ (၁၉၈၅)၊ လူတွေသိလေ ပိုကောင်းလေ (မေဆွိ)၊ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်၊ ကစ္ဆပနဒီလှိုင်သံ၊ မောင့် ဒေဝစ္ဆရာ (၁၉၈၈)၊ နှလုံးသားဟစ်ကြွေးသံများ၊ ဂန္ထဝင်ရုပ်ရှင်တေးများ၊ ချိုသော သီချင်းများ၊ ရွှေမန်းဆီသို့၊ နိုင်ငံကျော် (၁၉၉၇)၊ သူငယ်ချင်းသုံးယောက် (မေဆွိ၊ မေခလာ)၊ မြန်မာပြည်ကိုလွမ်းတယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
