မြဝတီမှာ ဓါတ်ဆီလှယ်ရာက​နေ မီးလောင်မှုဖြစ်ပြီး လသားအရွယ်ကလေးသေဆုံးကာ ဖခင် စိုးရိမ်ရတဲ့ ဒဏ်ရာရ

မြဝတီ၊ ဇူလိုင် ၁-၂၀၂၆
KKA(VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေပိုင်းက ခြင်ဆေးထွန်းထားသည့်အနီး ဓာတ်ဆီလှယ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၂ လအရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးကာ ဖခင်ဖြစ်သူလည်း စိုးရိမ်ရတဲ့ဒဏ်ရာ‌‌တွေရရှိခဲ့ကြောင်း မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဒီနေ့ ညနေ ၅ နာရီခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ (၁၀×၁၀) ပေပတ်လည် ထရံကာ၊ သွပ်မိုး၊ မြေစိုက်အိမ်အတွင်းခြင်ဆေးထွန်းထားတဲ့ ခွက်အနီးမှာ (၅) ဂါလံဆံ့ ပလတ်စတစ်ပုံးထဲက ဓာတ်ဆီကို ဗူးငယ်များအတွင်းကို လှယ်ထည့်ရာကတဆင့် မီးဟပ်ကာ ရုတ်တရက် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မီးလောင်မှုကြောင့် အိမ်အတွင်းရှိနေတဲ့ အမည်မပေးရသေးတဲ့ အသက် ၂ လသားအရွယ် ကလေးငယ်တဦးမှာ အခင်းဖြစ်နေရာမှာပဲ မီးလောင်သေဆုံးခဲ့ရပြီး၊ ၎င်း၏ဖခင်ဖြစ်သူမှာလည်း ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး လက်ရှိမှာ စိုးရိမ်ရတဲ့အခြေအနေရှိကြောင်းရေးသားထားပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရခြင်းမှာ မြဝတီမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးဟာ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူကို မြဝတီမြို့မရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဓါတ်ပုံ၊မြဝတီမြို့နယ် မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW