ဩဂုတ် ၂၈ – ၂၀၂၆
SS (VOM)
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ဒီကနေ့ ဩဂုတ် ၂၈ ရက်၊ မနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်က အိမ်စီးကားတစီး အရှိန်လွန်ကာ ရေကန်ထဲထိုးကျမှုဖြစ်ပြီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်း (နေပြည်တော်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ထန်းတစ်ပင်ရပ်ကွက်၊ ကျောက်မျက်ခြံဝင်း၊ လမ်းဘေးမှာရှိတဲ့ သဘာဝရေကန်ထဲ ကားတစီးထိုးကျခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၃၇ နှစ်ဝန်းကျင်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကားတစီးလုံး ရေအောက်ကြမ်းပြင်အထိ ရေထဲမြုပ်သွားတာ။ ကားခေါင်မိုးက အပေါက်လည်း ပွင့်နေတာတွေ့တယ်။ အဲဒီအပေါက်ကနေပဲ ထွက်ဖို့ ကြိုးစားခဲ့လေသလား မသိဘူး။ အမျိုးသားကတော့ ပြင်ဦးလွင်က၊ အမျိုးသမီးကတော့ လယ်ဝေးမြို့နယ်ကလို့ သိရတယ်” လို့ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်း (နေပြည်တော်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရုပ်အလောင်းတွေကို နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကို ကနဦး ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် သက်ဆိုင်ရာ မြို့တွေက နေအိမ်အသီးသီးကို ထပ်မံ ပို့ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
အခင်းဖြစ်နေရာကို ဒက္ခိဏခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစီး၊ ဒက္ခိဏသီရိမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ကြာပင်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူငယ်တွဲလက်များ လူမှုကူညီရေးအသင်း (နေပြည်တော်)
