မတ် ၂၀- ၂၀၂၆
MT(VOM)
စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။
စင်ကာပူနိုင်ငံရှိ မွတ်စလင်ဘာသာဝင်များအတွက် သောကြာနေ့ (မတ်လ ၂၀ ရက်) သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်ဥပုသ်လ၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။
ကြာသပတေးနေ့ နေဝင်ချိန်တွင် စင်ကာပူ၏ မိုးကုတ်စက်ဝိုင်းအထက်၌ ရှောင်ဝါလ် (Syawal) လဆန်းအကြို လခြမ်းကို မြင်တွေ့နိုင်သည့် အနေအထားတွင် မရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၏ မုဖ်သီ (အစ္စလာမ်သာသနာ့ဦးစီးမှူး) ဒေါက်တာ နာဇီရူဒင် မိုဟာမက် နာဆီယာ (Dr Nazirudin Mohd Nasir) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ယခုနှစ် ဟစ်ဂျရီသက္ကရာဇ် ၁၄၄၇ ခုနှစ်အတွက် သောကြာနေ့သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်လ၏ နောက်ဆုံးနေ့ဖြစ်ပြီး၊ ရှောင်ဝါလ်လ၏ ပထမရက် (အီးဒ်ပွဲတော်နေ့) သည် စနေနေ့တွင် ကျရောက်မည် ဖြစ်သည်။
”ကျန်ရှိနေသေးတဲ့ ရာမဒါန်လမြတ်အတွင်းမှာ ကောင်းမှုကုသိုလ်တွေနဲ့ ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြပါစို့” ဟု ဒေါက်တာ နာဇီရူဒင်က စင်ကာပူ အစ္စလာမ်ဘာသာရေးကောင်စီ (MUIS) မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “စင်ကာပူမှာရှိတဲ့ မွတ်စလင်ဘာသာဝင်အားလုံးကိုလည်း ‘ဆီလာမတ် ဟာရီရာယာ အိုင်ဒီဖိသ်သရီ’ (Selamat Hari Raya Aidilfitri) လို့ ဆုတောင်းစကား ဆိုချင်ပါတယ်။
ရောက်ရှိလာတော့မယ့် ရှောင်ဝါလ်လကို ကျေးဇူးတင်ခြင်းများစွာနဲ့ ကြိုဆိုကြပြီး၊ တစ်ဦးနဲ့တစ်ဦးကြားမှာရှိတဲ့ ဆွေမျိုးသားချင်း သံယောဇဉ်တွေနဲ့ ဂရုဏာတရားတွေကို ပိုမိုခိုင်မြဲအောင် တည်ဆောက်နိုင်ကြပါစေ” ဟု ဆုတောင်းစကား ပြောကြားခဲ့သည်။
စင်ကာပူ နည်းတူ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း မတ်လ ၂၁ ရက်နေ့ကို အီးဒ်ပွဲတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြမှာဖြစ်ပါတယ်။
Source : Channel News Asia
