ယင်းမာပင်၊ ကနီနဲ့ ပုလဲမြို့နယ်တို့က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ

ဧပြီ ၂၉ – ၂၀၂၆
SS (VOM)
အစိုးရတပ် စစ်ကြောင်းထိုး​နေလို့ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ကနီနဲ့ ပုလဲနယ်စပ် ကျေးရွာ ၃၀ ကျော်မှ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ယင်းမာပင်နဲ့ ကနီနယ်စပ်မှာရှိတဲ့ စုန်းချောင်း၊ ငပုတော၊ သံပုရာပင်ရိုး၊ ကျုံမှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း စတဲ့ ကျေးရွာတွေကနေ အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်တွေမှာလည်း စစ်တပ်က မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာ။ ကျေးရွာတွေပျက်စီး၊ ပစ္စည်းတွေ ဆုံးရှုံးနဲ့ ပြည်သူတွေ အတော်လေးကို ဒုက္ခရောက်နေရတာပါ။ ပြည်သူတွေကို ကာကွယ်မယ်လို့ တွင်တွင်ပြောနေတဲ့ လက်နက်ကိုင်တပ်တွေက ပြည်သူတွေကို မကာကွယ်ကြတော့ဘူးလား။ ဘာလုပ်နေကြတာလဲလို့ မေးချင်တယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ ပူပြင်းတဲ့ ရာသီဥတုဒဏ်၊ မိုးရွာသွန်းမှုတွေကြားမှာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး စစ်ဘေး တိမ်းရှောင်နေကြရတာဖြစ်ကာ အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာမှာ မနေ့ ဧပြီ ၂၈ ရက်နေ့က ဆင်စွယ်ကျေးရွာအတွင်း ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ အနောက်ဘက်ရှိ မင်းမကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ အနောက်မြောက်ဘက်ရှိ ငါးနန်းအထက်ရွာ၊ ငါးနန်းအောက်ရွာနဲ့ မောက်လုပ်ရွာတွေကို နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ယင်းမာပင်မြို့နယ် မြောက်ပိုင်းမှာလည်း အစိုးရစစ်ကြောင်းဟာ ဧပြီ ၂၇ ရက်နေ့၊ ညပိုင်းမှာ တရော်ကျင်းကျေးရွာအတွင်း ညအိပ်ခဲ့ပြီး မနေ့ ဧပြီ ၂၈ ရက်မှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ တရော်ကျင်းရွာကနေ ချောင်းရိုးအတိုင်း အနောက်တောင်ဘက်ရှိ ဝါးစိမ်းတောင်ဘက်ကို နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အစိုးရတပ်တွေက လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေကိုသုံးပြီး လာနေတာ။ ယာကြီး – ကလေးဝလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဦးတည်နေတာ ဖြစ်နိုင်တယ်။ လက်ရှိကတော့ ယင်းမာပင်နယ် ဆင်စွယ်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက အင်တောကျေးရွာ အရှေ့ဘက်ကို ရောက်နေပြီ” လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါအပြင် ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်ထားတဲ့ အစိုးရစစ်ကြောင်းဟာလည်း ချောင်းမရွာကနေ ဆက်ထွက်လာကာ မှန်တောင်အနီးဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်သလို အဲဒီရွာကနေ ဒုတိယမြောက် ထပ်ထွက်လာတဲ့ စစ်ကြောင်းကတော့ အင်ပင်မောင်နှမလမ်းအတိုင်း ရွာရဲ့ အနောက်တောင်ဘက်အရပ်ကို ဦးတည် စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ဒီကနေ့ ဧပြီ ၂၉ ရက် ထုတ်ပြန်ချက်မှာတော့ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ကာ အင်အားအလုံးအရင်းနဲ့ ပုလဲမြို့နယ်အတွင်း စတင် ထိုးစစ်ဆင်လာခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဲဒီနောက် အစိုးတပ်က ထပ်မံ အင်အား ဖြည့်တင်းကာ ယင်းမာပင်မြို့နယ်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်လတာ ကာလအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံး များခဲ့တဲ့အပြင် အစိုးရစစ်ကြောင်းက လေကြောင်းပစ်ကူ၊ မြေပြင်တပ် စစ်ကူအများအပြားနဲ့ ထိုးစစ်ဆင်လာခဲ့တာကြောင့် လက်နက်ကိုင်တပ်တွေအနေနဲ့ တချို့သော နေရာတွေကို လက်လွှတ်ပေးထားရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်စစ်ကြောင်းရှိရာ နေရာတွေကနေ ၃ မိုင်အကွာထိ စစ်ဘေး ရှောင်နေကြဖို့ လက်နက်ကိုင် တပ်တွေက မေတ္တာရပ်ခံထားပြီး ၎င်းတို့ဘက်ကလည်း အစိုးရတပ်ကို အချိန်နဲ့တပြေးညီ ပြန်လည် ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW