ဧပြီ ၂၈ ၊ ၂၀၂၆
GG (VOM)
လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေး မြင့်တက်မှု အခြေအနေအရ ထွန်စက်မောင်းခနူန်းထားတွေ နှစ်ဆလောက်အထိမြင့်တက်သွားတာကြောင့် မိုးစပါးစိုက်ပျိုးကြမယ့် တောင်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။
ဒါအပြင် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက မဖြစ်မနေအသုံးပြုရတဲ့ ဓာတ်မြေဩဇာ စျေးနူန်းတွေလည်းမြင့်တက်လာတဲ့အပြင် စိုက်ပျိုးရေးဆေးစျေးနူန်းပါ မြင့်တက်လာတဲ့ အခြေအနေကြောင့် တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။
စိုက်ပျိုးစရိတ် နှစ်ဆလောက်အထိမြင့်တက်သွားပြီး အချိန်တန် စပါးရိတ်သိမ်းချိန်မှာ စပါးစျေး ကျဆင်းနေပါက အရှုံးကို ထပ်မံရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကြောင့် တောင်သူတွေမှာ မိုးစပါးစိုက်ဖို့ အဘက်ဘက်ကနေ စဥ်းစားစိတ်ပူနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မကြာခင် မိုးစပါးစိုက်ရတော့မယ်။ အခုသိရသလောက် လယ်ထွန်စက်မောင်းခက အစိုးရကထုတ်ပေးတဲ့ ဒီဇယ်ရလို့ မောင်းရမယ်ဆိုရင် ရိုတာတစပ်ကို တသိန်းနှစ်သောင်း လို့ ပြောတယ်။ သူတို့ဘာသာ ပြင်ပပေါက်စျေးနဲ့ ဝယ်ပြီး မောင်းရတာဆိုရင် တသိန်းခွဲ လောက်အထိ ရှိနိုင်တယ်။ အရင်က ရိုတာတစပ်မှ ရှစ်သောင်းပဲရှိတာလေ။ ပြီးတော့မြေဩဇာစျေးကလည်း အကုန်တက်တယ်။ အကုန် တသိန်းအထက်မှာပဲရှိတယ်။ ၁၅ ပတ်လည်ကတော့ စျေးအမြင့်ဆုံးပေါ့ ။ စပါးကလည်း တဧကို မြေဩဇာ အနည်းဆုံး နှစ်အိတ်တော့ထည့်မှ ၊ မြေခံလေးကလည်း ထည့်ထားမှ ထွက်သင့်သလောက်ထွက်တာ ။ ရာသီဥတု မိုးလေမှန်ဖို့ကလည်း လိုသေးတယ်။ လယ်သမားက အရဲစွန့်စိုက်ရတာ။ ခုကုန်ကျစရိတ်ကနှစ်ဆလောက်ဖြစ်မယ်ဆို ခုဖြစ်နေတဲ့ စပါးစျေးနဲ့မကိုက်ဘူး ။ဒီမိုးစပါးသာ ထပ်ရှုံးရင် လယ်သမားတွေ နလန်မထူနိုင်တော့ဘူး ။ ” လို့ ပဲခူးတိုင်း အနောက်ပိုင်းက တောင်သူတယောက်က ပြောပါတယ်။
ဒါကြောင့် တောင်သူတချို့ကတော့ မိုးစပါးစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာဖို့အတွက် လယ်ယာမြေကို ထွန်စက်နဲ့ထွန်ယက်ခြင်းအစား နွားနဲ့ထွန်ယက် စိုက်ပျိုးခြင်း ၊ ဂွန်နောင်း လို့ခေါ်တဲ့ မြေကိုထွန်ယက်နိုင်တဲ့ စက်အသေးနဲ့ မောင်းခြင်း ၊ မြေကိုထွန်ယက်ခြင်းမပြုတော့ဘဲ စပါးစေ့တိုက်ရိုက်ပက်ကြဲခြင်းနည်းလမ်းကို အသုံးပြုဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။
ဒါအပြင် ဓာတ်မြေဩဇာကိုလည်း လျှော့ချသုံးစွဲ သွားဖို့ စီစဥ်နေကြပေမယ့် အမှန်တကယ်လျှော့ချသုံးရင် စပါးအထွက်နူန်း သိသိသာသာလျော့ကျပြီး အရှုံးကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။
” ထွန်စက်မောင်းရင် ၁၀ ဧကကို ၁၅၀၀၀၀၀ ရှိမယ်။ နွားသမားငှား ထွန်ရင်အဲလောက်မကျနိုင်ဘူး။.နောက်တခုက ဂွန်နောင်းဆိုလည်း ရတယ်။ စိတ်တော့ရှည်ရတာပေါ့။ထွန်စက်လိုတော့ ၁၀ ဧကကို တရက်တည်း မပြီးဘူး။ ဒါမှ ကုန်ကျစရိတ်ကတွက်ကြည့်လို့များနေသေးရင် နောက်ဆုံးမိုးရွာချိန်ကို လူငှားနဲ့ စပါးလိုက်ကြဲမယ်။ မိုးရွာတော့ စပါးစေ့ကလည်း မြေကြီးကပ်သွားပြီ။ တခုပဲ ခိုကောက်မှာ ကြောက်ရသေးတယ်။ လယ်သမားဆိုတော့ စပါးစိုက်ရမှာ တာဝန်ကြီးလိုကို ဖြစ်နေတော့ မရှုံးအောင် ကြံရဖန်ရတာပဲ။ ဒါလည်း မိုးလေကဖျက် အထွက်ကကျပြီး စျေးကွက်ကပါ မနှစ်က ကျလိုက်တော့ ရှုံးတာပါပဲ ။ ငွေတင်ရှုံးတာမဟုတ်ဘူး ။အချိန်ရော လုပ်အား ၊စိတ်အား အကုန်ပဲ ။ မြေဩဇာမသုံးရင် စပါးမရဘူး။ တဧက ၄၀ ၊ ၅၀ ထွက်ရင် ဘာမှမကျန်ဘူး ။ ရှုံးတာနဲ့မထူးဘူး ။ ” လို့ ဧရာဝတီတိုင်း တောင်သူတယောက်က ပြောပါတယ်။
ဒါကြောင့် ခုလာမယ့် မိုးစပါးရိတ်သိမ်းချိန်မှာ စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး စျေးတန်း ကျပ်သိန်းနှစ်ဆယ် လောက်အထိ ရရှိမှသာ.တောင်သူတွေ အကျိုးအမြတ်ကို ခံစားရနိုင်မှာ ဖြစ်တယ်လို့ဆိုကြပါတယ်။
ဒီနှစ်မိုးစပါးမှာ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိဆိုရင် တဧကကုန်ကျစရိတ်မှာ ခန့်မှန်း ဆယ်သိန်းကျပ်လောက်အထိ ရှိနိုင်ကြောင်း ၊ တဧကကို စပါး ၈၀ ထွက်ရှိပြီး ကျပ်သိန်းနှစ်ဆယ်စျေးနဲ့တွက်ပြီး ရောင်းချရမှ ဆယ့်ခြောက်သိန်းရရှိပြီး တဧကကို ခြောက်သိန်းကျပ်လောက်သာ အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ် ။
မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူကတော့ လာမယ့် မိုးစပါးရိတ်သိမ်းချိန်မှာ စပါးစျေးနူန်းဟာ စပါး ၁၀၀ ကို အနိမ့်ဆုံး ဆယ့်ခြောက်သိန်းအောက်ကို ကျဆင်းမှာ မဟုတ်ဘူးလို့ ခန့်မှန်း ပြောဆိုထားပါတယ်။
မိုးစပါးကို မိမိဒေသနဲ့ကိုက်ညီတဲ့ ပြည်တွင်းစားသုံးဖို့နဲ့ပြည်ပတင်ပို့ဖို့အတွက် စပါးအမျိုးအစားအလိုက် အင်တိုက်အားတိုက်စိုက်ပျိုးကြဖို့ ဆိုပါတယ်။
” စပါးဈေးနူန်းက ခုပေါက်ဈေးထက်ကျရန်မမြင်ပါ။ အသွယ်စုံကို EU ဈေးကွက်နဲ့ ဖိလစ်ပိုင် ဈေးကိုက်ကဝယ်လိုအားကောင်းပြီး သုခဆန်ကိုလည်း တရုတ်နိုင်ငံက ဝယ်လိုအား အလွန်များနေပါတယ် ။
နိူင်ငံတော်က လည်းတောင်သူတွေ ကိုပံပိုးဖို့ အစီအစဉ် ဆောင်ရွက်နေတယ် သိရပါတယ်။ ” လို့ အသင်းတာဝန်ရှိသူက ပြောပါတယ် ။
အစိုးရက လက်ရှိမှာ တောင်သူတွေအဆင်ပြေအောင်ဆိုပြီး နွေစပါးနဲ့ ဆီထွက်သီးနှံအတွက် တောင်သူ ၊ ထွန်စက်နဲ့ ရိတ်ခြွေစက်တွေကို ဒီဇယ်တဂါလံကို ၁၀၀၀၀ ကျပ်နူန်းနဲ့ ရောင်းချပေးနေသလို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကလည်း စက်ပိုင်တွေကို အစိုးရသတ်မှတ်ကြေငြာတဲ့ တရားဝင် စျေးနူန်းနဲ့ ဒီဇယ်တွေ ခွဲတမ်းအလိုက် ရောင်းချပေးနေတာ ရှိပါတယ်။
ဒါပေမယ့်လည်း စက်ပိုင်တွေအတွက် လုံလောက်တဲ့ ဆီပမာဏအထိ မရရှိတာကြောင့် ပြင်ပပေါက်စျေးနဲ့ ဝယ်ယူနေရတဲ့အတွက် လယ်ထွန်စက်နဲ့ ရိတ်ခြွေစက်ငှားရမ်းခနူန်းထားတွေ စျေးမြင့်နေတယ်လို့ သိရပါတယ်။
နောက်ပြီး အစိုးရအဖွဲ့ ရက် ၁၀၀ စီမံချက်အရလည်း တောင်သူတွေအဆင်ပြေဖို့အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ပုံမှန်ချေးနေကြ တဧက တသိန်းငါးသောင်းကျပ်ကို ခုနှစ်မှာ တဧက ကျပ်သုံးသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးမယ်လို့ အသိပေးထားပါတယ်။
ဒါပေမယ့် တဧက စိုက်ပျိုးစရိတ်အတွက် ထုတ်ချေးပေးမယ့် သုံးသိန်းကျပ်က မြေဩဇာဖိုးတောင် မရှိတာကြောင့် ထိရောက်တဲ့ ထောက်ပံ့မှုမဖြစ်နိုင်တဲ့အတွက် အဓိက မြေဩဇာ စျေးနူန်းကျဆင်းဖို့ နဲ့ စက်သုံးဆီစျေးကျပြီး အလွယ်တကူဝယ်ယူရရှိဖို့ ၊ အဓိက စပါးစျေးကွက်ကောင်းအောင် ဖော်ဆောင်ပေးဖို့ကို တောင်သူတွေက လိုလားနေကြပါတယ်။
လက်ရှိမှာတော့ နွေစပါးစျေးကွက်က စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ဆယ်ငါးသိန်းငါးသောင်း စျေးတန်းရှိပြီး အမြင့်ဆုံး သိန်းနှစ်ဆယ်ကျော်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
