ဧပြီ ၂၇ ၊ ၂၀၂၆
GG ( VOM)
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးကြမ်းနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက စုံစမ်းသိရှိရပါတယ်။
အဓိက မြန်မာလုပ်သားတွေအများအပြားရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ၊ မဲဆောက် ၊ မယ်ဟောင်ဆောင် ၊ ချွန်ပူလီ ၊ ကန်ချနဘူရီ အပါအဝင် စတဲ့မြို့နယ်တွေက စက်ရုံ အလုပ်ရုံနဲ့ နေထိုင်ရာအခန်းတွေအထိ ဝင်ရောက် စစ်ဆေးဖမ်းဆီမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အလားတူ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။
” မြန်မာလုပ်သားများတဲ့ မြို့တွေမှာ အဖမ်းဆီးကြမ်းနေတာဟုတ်တယ် ။ အရင်ရက်ကဆိုရင် မဲဆောက်မှာ စက်ရုံဝန်းထဲမှာ နေတဲ့ မြန်မာ တွေအဖမ်းခံရတယ်။အဓိက အထောက်အထားမဲ့တွေဖမ်းခံရတာပါ ။စာရွက်စာတမ်းမပြည့်စုံရင်တော့ ဖမ်းခံရမှာပါ။ ခုနောက်ပိုင်းလာသူအများစုက ဘတ်လည်းမရှိ ဘဲနေကြတာ ။ မိတ်ဆွေ သူငယ်ချင်း မိသားစု အချိတ်ဆက် လူခံတွေနဲ့ လာသူတွေကတော့ နယ်စပ်ဖြတ်ကျော်လာပေမယ့် အဖမ်းမခံရဘူး ။ ဒီထဲရောက်ပြီးလို့ အနေအထိုင်မတတ်မှသာ အထောက်အထားမဲ့ အဖြစ်ဖမ်းခံရတာ။ ပွဲစားနဲ့လာတဲ့ လူအုပ်စုတွေဆို ခုနောက် ဖမ်းခံရတာများတယ်။ ထိုင်းရဲတွေကလည်း နယ်စပ်က ခိုးဝင်တာတွေကို တော်တော်လေးဖမ်းနေတယ်။ အခုဆိုအလုပ်ရုံတွေအထိပါ သူဌေးမတူသူတွေ လိုက်ခဲ့ဆိုပြီး လုပ်လာတယ်။ ” လို့ ထိုင်းရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တယောက်က ပြောပါတယ် ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း(Phayao)ခရိုင်ရှိ အိမ်တလုံးအတွင်းမှာ ယာယီခိုလှုံနေထိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၆၃ ယောက် ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၅ ရက်ကလည်း ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားကို သွားရောက်ဖို့အတွက် ထိုင်းကို နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၉ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၁ ရက်ကလည်း ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်၊ ဘန်ပင်းအင်းမြို့ရှိ အဝေးပြေးလမ်းမပေါ်မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ရှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
ထိုင်းမှာ ဖမ်းဆီးမှုကြမ်းနေပေမယ့် လည်း လက်ရှိမြန်မာနိုင်ငံမှာက အလုပ်ကိုင်အခွင့်လမ်းနည်းပြီး လုပ်ခလစာ ၊ နေ့စားလုပ်ခ ရရှိမှုလည်း နည်းတာကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့အတွက် လူငယ် ၊ လူလတ်ပိုင်း အမျိုးသားတွေအပြင် အမျိုးသမီး တွေပါ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်မှုပိုများလာနေတာ ဖြစ်ပါတယ်။
” ဘာအလုပ်မှမရှိဘူးလေ ။ တရက်ကို ၁၀၀၀၀ တောင် ပုံမှန်ဝင်ငွေမရှိတော့ ဘယ်လိုမှရပ်တည်မရတော့ဘူး ။ ကလေးကလည်းရှိသေးတယ်။ အဲဒီတော့ အရဲစွန့်ပြီး ထိုင်းပဲထွက်ရတာ ။ ဒီထွက်လာတာ ခုနှစ်လရှိပြီ ။လာတဲ့ စရိတ်တော့မကျေသေးဘူး ။ ဒီမှာလည်း စားစရိတ်နဲ့ အိမ်သုံးဖို့ပို့ရတာနဲ့ဆိုတော့လေ ။ အခုအထောက်ထားမဲ့နဲ့ လုပ်နေရတာပါ။ ဘတ်မရသေးဘူး ။ အဲဒီတော့ တခုခုဆို အခြေအနေကြည့်နေရတယ်။ ခုဖမ်းဆီးကြမ်းတော့စိတ်ပူနေရတယ်။ ” လို့ ထိုင်းရောက်မြန်မာနိုင်ငံသား တယောက်က ပြောပါတယ် ။
အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်းမှာ နယ်စပ်ဖြတ်ကျော်ကနေ တရားမဝင် ဝင်ရောက်ခဲ့တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်ကလည်း အထောက်အထားမဲ့ မြန်မာလုပ်သား ၂၅၀၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ထိုင်းကို တရားမဝင် ဝင်ရောက်မှုနဲ့ အထောက်အထားမဲ့ အဖြစ် ဖမ်းခံရတဲ့မြန်မာလုပ်သားတွေထဲမှာ သက်ကြီးရွယ်အိုတွေပါသလို ကလေးငယ်တွေလည်း ပါဝင်တာ တွေ့ရတယ်လို့ အချက်အလက်တွေအရသိရပါတယ်။
ပြည်ပနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား သွားရောက် အလုပ်လုပ်ကိုင်မှု အများဆုံး နိုင်ငံဖြစ်ပြီး မြန်မာလုပ်သား သန်းနဲ့ချီရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
