ဘုရားသုံးဆူမြို့ KNU ထောင်ကနေ အကျဥ်းသား ခြောက်ယောက် လက်နက်တွေနဲ့အတူ ထွက်ပြေး

ဇူလိုင် ၂ ၊ ၂၀၂၆
CC(VOM)
ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ ၊ KNU နယ်မြေ ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆) အတွင်းရှိ အကျဥ်းထောင်ကနေ အကျဥ်းသား ခြောက်​ယောက်က လက်နက်ယူပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က ဇူလိုင် ၁ ရက်နေ့ ၊ မနက်ပိုင်းမှာ အကျဥ်းသားတွေကို အကျဥ်းထောင်ပြင်ပထုတ်ချိန်မှာ ထောင်စောင့်တဲ့လုံခြုံရေးဆီကနေ သေနတ်နှစ်လက် လုယူပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီနောက်မှာ DKBA တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားကိုတားပြီး သေနတ်သုံးလက် နဲ့ ကားကိုပါ ထပ်မံလုယူပြီး.ထွက်ပြေးသွားတာဖြစ်ကြောင်း ခုထိတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
” KNU တပ်ဖွဲ့ဝင်တွေ တားတယ်ထင်ပြီး ကားရပ်ပေးတာကို သူတို့က သေနတ်နဲ့ချိန်ပြီး ကားရော ၊ သေနတ်ပါ ယူသွားတာလို့ သိရတယ်။ ခုထွက်ပြေးတဲ့သူတွေက လူသတ်မှု ၊ မူးယစ်ဆေးဝါး အမှု ၊ ရွှေခိုးမှု သမားတွေပါတယ်။ လက်နက်ပါသွားတယ်ဆိုတော့ ဒေသခံတွေလည်း ကြောက်နေကြတာ။ ခုထွက်ပြေးတဲ့ အကျဥ်းသားတွေထဲမှာ ဘုရားသုံးဆူဒေသခံတွေလည်းပါတော့ နယ်မြေက ကျွမ်းကျင်ကြမှာ ။ KNU ထောင်ကထွက်ပြေးလာတာဆိုတော့ သူတို့က စစ်တပ်ကို သွားပေါင်းနိုင်တဲ့ အခြေအနေရှိတာပေါ့။ မနေ့ကတည်းက မြို့ထဲလည်း စစ်ဆေးမှုတင်းကြပ်တာ ရှာနေကြတယ်။ ခုထိတော့ မိတဲ့သံမကြားသေးဘူး ။ ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ အကျဥ်းသားတွေက ထွက်ပြေးရာလမ်းပိုင်းမှာရှိတဲ့ KNU တပ်စခန်းဂိတ်တခုနဲ့ ခရီးသွားကားတချို့ကိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို အမြန်ဆုံးဖမ်းမိရေးအတွက် KNU ဘက်မှ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
အကျဥ်းသားတွေ ထွက်ပြေးမှုနဲ့ပတ်သက်ပြီး KNU ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့်လည်း KNU ဒူးပလာခရိုင်တာဝန်ရှိသူကတော့ အကျဥ်းသားထွက်ပြေးတာမှန်ကြောင်းနဲ့ လိုက်လံရှာဖွေနေတယ်လို့ ဒေသတွင်းမီဒီယာကို ပြောဆိုထားတာ တွေ့ရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW