ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်းပြသပေးဖို့ လိုလား​နေ

မေ ၁ – ၂၀၂၆
SN (VOM)
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတက နေအိမ်အကျယ်ချုပ် သတ်မှတ်ပေးလိုက်တယ်လို့ ‌ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပြီးတဲ့နောက် ပြည်သူတွေကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်နေပြီး သူမ ကျန်းမာစွာရှိနေကြောင်း သက်သေအစစ်အမှန် ပြသပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း မေတ္တာ၊ စေတနာ ထားသောအားဖြင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်လို့ မနေ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “ဒါက Proof of life (အသက်ရှင်လျက်ရှိကြောင်း သက်သေပြချက်) ကို အာရုံလွှဲတာလို့ မြင်ပါတယ်။ ဒါက ဝမ်းသာစရာအနေအထား မဟုတ်ပါဘူး။ ကြေညာချက်မှာ သတ်မှတ်ထားတဲ့ နေအိမ်လို့ ပြောထားပေမယ့် ဘယ်မြို့၊ ဘယ်နေရာက ဘယ်နေအိမ်ကို ပြောင်းရွေ့မယ်ဆိုတာမျိုး အတိအကျ ပြောထားတာမရှိဘူး။ အခုပြောတဲ့ နေအိမ်အကျယ်ချုပ် ဆိုတာက ၁၉၈၉ တုန်းကနေ စခဲ့တဲ့ နေအိမ်အကျယ်ချုပ်တွေနဲ့ မတူဘူး။ အခု သူ့ကို ဘယ်မှာထားမယ်၊ ဘယ်မှာရှိတယ် ဆိုတာတောင် ဘယ်သူမှမသိရဘူး” လို့ ပြောပါတယ်။
နေအိမ်အကျယ်ချုပ် ထုတ်ပြန်ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံပိုင် ရုပ်သံ သတင်းဌာနတွေကတဆင့် ကြေညာခဲ့ရာမှာလည်း သတင်းဗီဒီယိုကို မဖော်ပြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ယူနီဖောင်းဝတ် တယောက်၊ ရဲယူနီဖောင်းဝတ် တယောက်တို့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောနေတဲ့ ဓာတ်ပုံကိုသာ ဖော်ပြခဲ့တာတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ နောက်ထပ် ပြည်သူတယောက်ကလည်း “ဒီခေတ်၊ ဒီအချိန်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဘာကိုမှ အကြွင်းမဲ့ ယုံကြည်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တကယ် ကျန်းကျန်းမာမာနဲ့ ရှိနေသေးတယ်ဆို ယုံကြည်လောက်တဲ့ သက်သေ ပြပေးဖို့လိုပါတယ်။ ဥပမာ Live လွှင့်ပေးတာမျိုး၊ ဗီဒီယိုကနေ ပြည်သူကို အမှာစကားပြောတာမျိုး၊ ဒါမှမဟုတ် သူ့ရဲ့သား ကိုထိန်လင်းနဲ့ Video Call ပြောတာဖြစ်ဖြစ်၊ လူချင်းပေးတွေတာဖြစ်ဖြစ် လုပ်ခွင့် ပေးစေချင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင် NLD ဝန်ကြီးတွေနေခဲ့တဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ Ocean Center နားကနေရာမှာ ထားရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM အနေနဲ့ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နောက်ထပ် ပြည်သူတယောက်ကလည်း “နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာတောင် ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံ ထုတ်ပြလာတာကို အမှန်လို့ယူဆဖို့ အင်မတန်ခက်ပါတယ်။ သူတို့တွေ အရင့်အရင်က လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ ချိန်ဆပြီးပြောရမယ်ဆို မယုံဘူးလို့ဘဲ ပြောချင်ပါတယ်။ တကယ် ကျန်းကျန်းမာမာနဲ့ ရှိနေသေးတယ်ဆို အားလုံး တောင်းဆိုနေတဲ့အတိုင်း လုပ်ပေးစေချင်ပါတယ်။ ဗီဒီယိုဖိုင်နဲ့ ပြရင်တောင် ယုံလို့မရပါဘူး။ ဒါကြောင့် ကိုထိန်လင်းနဲ့ စကားပြောခွင့် ပေးလိုက်တာအကောင်းဆုံးပါပဲ။ phone call မဟုတ်ဘူးနော်၊ video call ပြောခွင့် ပေးစေချင်တာ။ ပြီးတော့ ထောင်ဒဏ်ကိုလည်း လျှော့ရက်တွေ ပေးနေတာထက် အပြီး လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် ပြည်သူတယောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင် နေအိမ်အကျယ်ချုပ် ကာလတွေတုန်းက အစိုးရအနေနဲ့ ရံဖန်ရံခါ နိုင်ငံတကာက သံအမတ်တွေကို တွေ့ဆုံခွင့် ပေးလေ့ရှိခဲ့သလို သူမရဲ့ မိသားစု ဆရာဝန်နဲ့လည်း တွေ့ခွင့်ပြုခဲ့တာကြောင့် အခုလည်း အရင်အခြေအနေအတိုင်း ဖြစ်စေချင်တယ်လို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက RFA သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားထားတာမှာ သူ့ရဲ့မိခင်ကို နေအိမ်အကျယ်ချုပ် တကယ် ပြောင်းလိုက်တယ်ဆိုပါက သူနဲ့ အဆက်အသွယ်လုပ်ဖို့ ခွင့်ပြုပေးသင့်ပြီး ဒါဟာ အခြေခံ လူ့အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
“ဒါမှမဟုတ်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး၊ လူပုဂ္ဂိုလ်မျိုးနဲ့ တွေ့ခွင့်ပေးပြီး အမေ့ကို ဘယ်မှာထားတယ်၊ အမေ့ကျန်းမာရေး ဘယ်လိုရှိတယ်ဆိုတဲ့ သက်သေပြတာမျိုး လုပ်သင့်ပါတယ်။ မဟုတ်ဘဲနဲ့တော့ အတိအကျ ထုတ်မပြောတဲ့ တနေရာကနေ တနေရာကို ပြောင်းတာမျိုးပဲ ဖြစ်ပါလိမ့်မယ်” လို့ ကိုထိန်လင်းက RFA ကို ဖြေကြားထားပါတယ်။
အဓိကကတော့ သူ့ရဲ့မိခင်နဲ့ တိုက်ရိုက် ဆက်သွယ်ခွင့် ပေးစေချင်ပြီး ဒါမှမဟုတ်ရင်တော့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့လိုမျိုး (ဒါမှမဟုတ်) အီတလီသံအမတ်လိုမျိုး နိုင်ငံတကာသံတမန်တွေနဲ့ သူ့ရဲ့မိခင်ကို တွေ့ဆုံခွင့် ပေးသင့်တယ်လို့ ကိုထိန်လင်းက ပြောပါတယ်။
လက်ရှိမှာ ကိုထိန်လင်း အပါအဝင် ပြည်တွင်း၊ ပြည်ပက ပြည်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ “Proof of Life” လှုပ်ရှားမှုကို ကမ္ဘာတဝန်းမှာ ဆက်လက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
Photo – MRTV

Related posts

Leave a Comment

VOM News

FREE
VIEW