ကသာမြို့တိုက်ပွဲအတွင်း PDF​တွေ ဖမ်းထားတဲ့ Non Cdm ဝန်ထမ်းတွေကို ပြန်လွတ်ပေး​နေ

ကသာ -မတ် -၄-၂၀၂၆
KBT(VOM)
ကသာမြို့တိုက်ပွဲအတွင်း တိမ်းရှောင်ရင်း ဖမ်းခံခဲ့ရတဲ့ Non Cdm တွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက မတ်လ(၃)ရက်နေ့ကစပြီး ပြန်လွတ်ပေးနေတယ်လို့ Non Cdmဝန်ထမ်းနဲ့ နီးစပ်တဲ့သူ​တွေဆီက သိရပါတယ်။
ကသာမြို့မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းတုန်းက ဒေသခံတွေဟာ မြို့ထွက်ရှိ နဘား၊အင်းတော်လမ်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေကို ဒေသတွင်းလက်နက်ကိုင်တွေက နဘားရွာအတွင်းထည့်သွင်းစုစည်းပြီး မှတ်ပုံတင်စစ်ဆေးခြင်းနဲ့ Non Cdm ကျောင်းဆရာ၊ဆရာ၊စည်ပင်ဝန်းထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကိုဖမ်းဆီးထားခဲ့ရာမှာ လူဦးရေ(၁၀၀)ဝန်းကျင်ရှိခဲ့ပါတယ်။
” မြို့တိုက်ပွဲဖြစ်နေလို့ ထွက်ခဲ့ရတဲ့‌နေ့က၊ ကသာမြို့အထွက် နဘားမှာစစ်‌တာ။ ဆရာမတွေတော့အများကြီးပဲ သူတို့ဖမ်းတဲ့ထဲပါတယ်။ အဲဒီအဖွဲ့ထဲမှာပါတဲ့ကျောင်းဆရာမကို ရွေးထုတ်ပြီးခေါ်တယ်။ ကျွန်မတို့နဲ့ပူးပေါင်းပေးပါဆိုပြီးရွေးထုတ်ခေါ်တာပါ” လို့အဲဒီနေ့က မြင်တွေ့ခဲ့သူတဦးက ဆိုပါတယ်။
အဲဒီဝန်ထမ်းတွေကို မိုးတားကြီးနဲ့ မိုးတားလေးရွာနေရာ‌တွေမှာ ထိန်းသိမ်းထားပြီး ဝန်ထမ်းတဦးကိုလုပ်သက်(၅)နှစ်စာတွက်ချက်ပြီး တလ(၃)သိန်းကျော် လစာငွေနဲ့ ကျပ်သိန်း(၁၈၀)နဲ့ ရွေးထုတ်ရမယ်လို့ ကနဦးက သတင်းပျံ့နှံ့ခဲ့ပါသေးတယ်။
အခုလက်ရှိမှာတော့ တဦးကို ငွေကျပ်(၁၈)သိန်းနဲ့ပြန်လည်ရွေးထုတ်စေပြီး ထိန်းသိမ်းထားတဲ့နေရာကနေလွတ်ပေးနေတယ်လို့သိရပါတယ်။
လွတ်ပေးခဲ့တဲ့ဝန်ထမ်းတွေကို မှတ်ပုံတင်ကဒ်သိမ်းယူထားပြီး အကျယ်ချုပ်နဲ့ သွားလာလို့ရ‌ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ မနက်ပိုင်းကို‌ နေ့စဉ်လက်မှတ်ရေးထိုးကြရတယ်လို့ သိရပါတယ်။
“မနည်းရွေးထုတ်ရပါတယ်။ တခြားမြို့ရွာတွေကိုတော့သွားလာခွင့်မရှိဘူးပေါ့။ သူတို့နဲ့နီးစပ်ရာရွာတွေမှာပဲနေရသေးတာပါ”လို့ Non Cdm ဝန်ထမ်းနဲ့နီးစပ်သူကပြောပါတယ်။
အခုလိုထိန်းသိမ်းခံခဲ့ရတဲ့ ဝန်ထမ်းတွေထဲမှာကကျန်းမာရေးမကောင်းသူတွေ၊ ပင်စင်နားနီးနေတဲ့သူတွေနဲ့ မိအိုဖအိုရှိတဲ့သူတွေပါဝင်နေပြီး cdm လုပ်ဖို့ခက်ခဲကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
အခုလိုစစ်ဘေးရှောင်ရပြီး၊ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ကာလမှာ ငွေနဲ့ရွေးထုတ်ရတဲ့အတွက် ဝေဖန်သံတွေလည်းမြင့်တက်နေပါတယ်။
လက်ရှိကသာဝန်းကျင်မှာ တိုက်ပွဲမဖြစ်​ပေမယ့် စစ်​ရှောင်​တွေ မြို့တွင်းကို ပြန်ဝင်လို့မရ​​အောင် ​ဒေသတွင်းလက်နက်ကိုင်​တွေက တားဆီးထားတာ​ကြောင့် မြို့ပြန်ဖို့ ခက်ခဲ​နေတယ်လို့ စစ်​ရှောင်​တွေက​ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW