မတ် ၃ ၊ ၂၀၂၆
CC (VOM)
အီရန်-အမေရိကန် စစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လတ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို လူထုက စိုးရိမ်ပြီး စက်သုံးဆီကို အလုအယက် တန်းစီပြီး ဝယ်ယူမှု ဖြစ်လာနေတာ တွေ့ရပါတယ်။
ဒီကနေ့ မတ် ၃ ရက်နေ့မှာ ရန်ကုန် ၊ မန္တလေးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေ ၊ တာချီလိတ် ၊ လားရှိုး ၊ မြဝတီ ၊ ဘားအံ စတဲ့ မြို့နယ်တချို့မှာ စက်သုံးဆီကို တန်းစီဝယ်ယူမှုများပြားခဲ့တဲ့အတွက် စက်သုံးဆီဆိုင်တချို့ အရောင်းပိတ်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
” ဆီက မဲဆောက်မှာတောင် အကန့်အသတ်နဲ့ပဲရတော့တယ်။ မြဝတီမှာတော့ စျေးလည်းတက်တယ်။မနက်က ကားတစီးကို သုံးသောင်းဖိုး ၊ဆိုင်ကယ်က တသောင်းဖိုးရောင်းပေးတယ်။နေ့ခင်းပိုင်း ဆိုင်တွေ ပိတ်တာတွေ့တယ်။ စိုးရိမ်စိတ်နဲ့ အလုအယက်ဝယ်တာရှိသလို တချို့ကလည်း ဒီအချိန်မှာ အလုအယက်ဝယ်ပြီး စျေးအမြင့်နဲ့ ပြန်ရောင်းဖို့ဝယ်နေကြတာရှိတယ် ။ ” လို့ မြဝတီ မြို့ခံက ပြောပါတယ် ။
လက်ရှိမှာ စက်သုံးဆီဆိုင်တချို့က ဆီကိုအကန့်အသတ်နဲ့ ရောင်းချမှုရှိလာသလို စျေးနူန်းမြင့်တက်ရောင်းချတဲ့အထိ ရှိလာပေမယ့်လည်း မြို့နယ်အများစုမှာတော့ စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့ရနေသေးတယ်လို့ သိရပါတယ်။
” ရန်ကုန်လည်း ဆီကို တန်းစီဝယ်ရတာရှိပေမယ့် အကန့်သတ်တော့မရှိဘူး ။ လိုသလောက်တော့ ဝယ်လို့ရနေသေးတယ်။ လူတွေရဲ့ စိုးရိမ်စိတ်က တားမရဘူး ။ ပြတ်နိုင်တယ်ဆိုတာနဲ့ အလုအယက်ဝယ်ကြတာပဲ ။ နောက်ရက်တွေပိုဆိုးနိုင်တယ်။ ” လို့ ရန်ကုန်ဒေသခံက ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံက မြန်မာအပါအဝင် ပြည်ပနိုင်ငံတွေကို ဆီ စက်သုံးဆီတင်ပို့မှု ဆိုင်းငံ့ကြောင်း ကြေညာပြီးတဲ့နောက်မှာ ခုလို ဆီအလုယက်တန်းစီ ဝယ်ယူခြင်းတွေ ဖြစ်လာပြီး ဆိုင်တချို့က အရောင်းပိတ်တာ ၊ ဆီပြတ်လပ်တာတွေ ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ထိုင်းက အရောင်းပိတ်တယ်ဆိုတော့ စက်သုံးဆီ ပြတ်နိုင်တယ်ဆိုပြီး အလုအယက်ဝယ်ကြတော့ တန်းစီနေရတာ ။ တချို့ကလည်း ဆိုင်ကယ်နဲ့လာဝယ်ပြီးရင် ပြန်ထုတ်။ထပ်တန်းစီလုပ်နေကြတာ ။ တာချီလိတ်ဘက်မှာ အကန့်အသတ်နဲ့ပဲရောင်းတယ်။ မနေ့ကစပြီး ဖြစ်တာ ။ ” လို့ တာချီလိတ် ဒေသခံကပြောပါတယ်။
စက်သုံးဆီ ပြတ်လပ်နိုင်တယ်ဆိုတဲ့ ကောလဟာလနဲ့ပတ်သက်ပြီး လူထုစိုးရိမ်နေတာကြောင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန PPRDကို VOM မှ ဆက်သွယ်မေးမြန်းခဲ့ရာ စက်သုံးဆီ နဲ့ပတ်သက်ပြီး ပြတ်လပ်မှာကို လုထုအနေနဲ့ စိုးရိမ်စရာ မရှိကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။
“ဒီနေ့ အစည်းအဝေးလုပ်ဖြစ်တယ်။ဆီက ဖူလုံတဲ့အနေအထားရှိတယ်။ ပြတ်လပ်နိုင်မှု မရှိနိုင်ပါဘူး ။အလုအယက်တန်းစီဝယ်စရာ မလိုပါဘူး ။စက်သုံးဆီအရောင်းဆိုင်တွေကိုလည်း ပုံမှန်အတိုင်း ခွဲဝေဖြန့်ဖြူးပေးနေပါတယ်။ လျော့သွားတာ ဘာညာ မရှိပါဘူး ။ “လို့ ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရေနံစျေးက တက်လာတဲ့အခြေအနေကြောင့် ပြည်တွင်းစက်သုံးဆီ စျေးကတော့ အနည်းငယ် ထပ်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
စက်သုံးဆီ စျေးနူန်းတွေကိုလည်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဥ် လက်လီလက်ကား စျေးနူန်းတွေ ထုတ်ပြန်အသိပေးနေပြီး အဲဒီစျေးနူန်းတွေထက် အဆမတန် မြင့်တက်နေပါက PPRD ဌာနကို ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
မတ် ၃ ရက်နေ့ထုတ်ပြန်ထားတဲ့ ရန်ကုန်စက်သုံးဆီ လက်လီစျေးနူန်းမှာ 92 တလီတာကို ၂၄၁၅ ကျပ် ၊ 95 က ၂၄၈၀ ကျပ် ၊ ဒီဇယ်က ၂၅၆၆ ကျပ် ၊ ပရီမီယံ ဒီဇယ်က ၂၈၄၅ ကျပ် ရှိပါတယ်။
စက်သုံးဆီပြတ်လပ်နိုင်တယ်ဆိုတဲ့ ကောလဟလသတင်းနဲ့ပတ်သက်ပြီး အခြေအနေ အသေးစိတ်သိရှိနိုင်ဖို့အတွက် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို VOM မှ မေးမြန်းထားပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး ။’
အလားတူ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကိုလည်း ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး ။
ဓာတ်ပုံ – ကိုဒီမင်း ၊ စိုင်းဝသုန်ထွန်း ၊ကိုနေနော်
