မတ် ၄ – ၂၀၂၆
SS (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ မတ် ၃ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့၊ မနက် ၈ နာရီခွဲဝန်းကျင်၊ တိုက်ပွဲဖြစ်ပွားနေချိန် လေကြောင်း တိုက်ခိုက်ခံခဲ့ရတာကြောင့် ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်းက တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က
“အဲဒီနေ့ တိုက်ပွဲက တကောင်းမြို့နားကိုလာတဲ့ အစိုးရစစ်ကြောင်းကို လက်နက်ကိုင်တပ်တွေဘက်က စပြီးတိုက်ခိုက်ခဲ့လို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပါ။ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ လေကြောင်း တိုက်ခိုက်တာဖြစ်တော့ PDF သုံးယောက်က နေရာမှာတင် သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရလည်း နှစ်ယောက်ရှိတယ်။ အဲဒီနေ့က တကောင်းနယ်တဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့ရော၊ ညပါ ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ်၊ မန္တလေး – ဗန်းမော် ကားလမ်းမပေါ်မှာ တည်ရှိတဲ့ တကောင်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက – ၁၃) က အစိုးရစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အစိုးရတပ်တွေ တကောင်းနယ်တကြောကို ထိုးစစ်ဆင်နေတာ တလလောက်တော့ ရှိနေပြီ။ ခေတ်မီ ဒရုန်းတွေကိုလည်း အသုံးပြုလာတာ တွေ့ရတယ်။ လတ်တလော အနေအထားကတော့ အစိုးရတပ်ဘက်က စစ်ရေးအားသာနေတယ်။ တဖက် တပ်ဖွဲ့တွေဘက်က ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်နေရတဲ့ အနေအထားပေါ့။ အစိုးရတပ်က နယ်မြေတွေ တခုပြီးတခု ပြန်သိမ်းလာနိုင်တာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
အစိုးရတပ်အနေနဲ့ တိုက်ပွဲကာလအတွင်း သပိတ်ကျင်းနဲ့ တကောင်းကြားက ကျေးရွာတွေကို ပြန်လည်စီးနင်း သိမ်းပိုက်လျက်ရှိတာမှာ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း မြို့နဲ့ ၁၃ မိုင်ခန့် ကွာဝေးတဲ့ မင်းကုန်းရွာကို ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီနောက် တကောင်းမြို့နဲ့ ၁၁ မိုင်ခန့်အကွာကနေ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့လအတွင်းကလည်း တကောင်းနယ်က ကျေးရွာ လေးရွာကို သိမ်းပိုက်နိုင်ခဲ့တာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သီးကုန်းရွာ၊ ၂၂ ရက်နေ့မှာ ပေါက်တပင်ကျေးရွာ၊ ၁၇ ရက်နေ့မှာ ရွှေကျွန်းပင်ရွာနဲ့ ၁၄ ရက်နေ့မှာတော့ ရှားတောရွာကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တကောင်းမြို့ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်နေရာလည်းဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးနဲ့ စစ်ရေး အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်တဲ့အပြင် မန္တလေးတိုင်းအတွင်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံး လက်ကျန်မြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့နဲ့ ၁၂၇ မိုင် ကွာဝေးတဲ့ တကောင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တကောင်းနယ်ဟာ မန္တလေးတိုင်းရဲ့ မြောက်ဘက်အဆုံးဖြစ်ပြီး အဲဒီနေရာကနေ ဆက်သွားမယ်ဆိုပါက မြတောင်၊ ထီးချိုင့်၊ အင်းတော်၊ ကသာ အစရှိတဲ့ ဒေသတွေအထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
