မန္တလေးမှာ စက်သုံးဆီကို တန်းစီဝယ်ယူနေကြရပြန်

မန္တလေး၊ မတ်- ၄- ၂၀၂၆
SA(VOM)
ကမ္ဘာနိုင်ငံရေး အခင်းအကျင်းတွေကြောင့် စက်သုံးဆီ မလုံ လောက်မှုတွေ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာနိုင်တာမို့ စက်သုံးဆီရောင်းချသူတွေကလည်း အကန့်သတ်နဲ့ ရောင်းချပေးနေကြသလို သုံးစွဲသူတွေအနေနဲ့လည်း တန်းစီပြီး ဝယ်ယူနေကြရပါတယ်။
စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးလိုက်ပါတယ်။
ဒါကြောင့် ပုဂ္ဂလိကပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေဟာ မိမိရဲ့ ယာဥ်နံပါတ်အလိုက် စုံဂဏန်း ယာဥ်ပိုင်ရှင်က စုံဂဏန်းရက်မှာပဲ လမ်းပေါ်စီးနင်းခွင့်ရှိပြီး မဂဏန်းယာဥ်ပိုင်ရှင်က မဂဏန်းရက်မှာပဲ လမ်းပေါ် မောင်းနှင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် မတ်လ ၃ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေး အပါ အဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေ ၊ တာချီလိတ် ၊ လားရှိုး ၊ မြဝတီ ၊ ဘားအံ စတဲ့ မြို့နယ်တချို့မှာ စက်သုံးဆီကို တန်းစီဝယ်ယူမှုများပြားခဲ့တဲ့အတွက် စက်သုံးဆီဆိုင်တချို့ အရောင်းပိတ်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
” ထုတ်ပြန်ချက် မထုတ်ခင်ကတည်းက ကောလဟလတွေကြောင့် စက်သုံးဆီရောင်းချတဲ့ဆိုင်တွေမှာ စက်သုံးဆီဝယ်ယူသူတွေပြည့်နေတာ၊ တန်းစီကြတာပေါ့ တချို့ ဝိသမ လောဘသမားတွေလည်းရှိတယ် အမှန်တကယ်မလိုအပ်ပဲ အခေါက် ခေါက်အခါခါ တန်းစီ ဆီဆိုင်ရှေ့တင် ပုံတွေထဲ ထည့်ပြီး ပြန်တန်းစီ၊ မြင်မကောင်းဘူး၊ ဒါတွေက အခုမှ လားဆိုတော့ မဟုတ်ဘူး အရင်ခေါက်တွေတုန်းကလည်း ဖြစ်ခဲ့တာတွေရှိတယ်၊ အရေးယူမှု စီစစ်မှု တွေ လုပ်သင့်တယ်၊ အမှန်တကယ်လိုအပ်နေသူတွေက သူတို့ကြောင့် နစ်နာတယ်၊ အချိန်တွေပေးပြီး တန်းစီရတယ်၊ စက်သုံးစီစျေးတွေကို သူတို့က အဆမတန်တဲ့ စျေးတွေနဲ့ ပြန်ရောင်းတော့ ဘယ်သူက အဓိကနစ်နာသူလည်း စဥ်းစားကြပေါ့ဗျာ” လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
စက်သုံးဆီ ခြိုးခြံချွေတာရေးနဲ ဖူလုံမှု ရှိစေရေးအတွက် မတ်လ ၇ ရက်ကစပြီး ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ် နဲ့ သယ်ယူ ပို့ဆောင်ရေးယာဉ်တွေ ကို စည်းကမ်းသတ်မှတ်ချက် နဲ့အညီ မောင်းနှင်အသုံးပြုဖို့ အသိပေးလာတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW