မတ် ၂၇ ၊ ၂၀၂၆
SS (VOM)
လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ဆီကားတွေ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
ဒီဇယ်အသုံးပြု YBS ယာဉ်တွေအတွက် တရက်ကို ဒီဇယ် လီတာ ၂၀၊ တန်းစီ ဝယ်ယူနေရခြင်းမှ ညစဉ်ညတိုင်း လီတာ ၄၀ ဆီဖြည့်ပေးနိုင်အောင် စီစဉ်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်ကာ လာမယ့် ရက်သတ္တပတ်အတွင်း အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။
“ဒါအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သီးခြား လုပ်ပေးမှာပါ။ ကျွန်တော်တို့က ၄၂၃ စီး စာရင်းပေးထားတယ်။ အခု Public Transport က YBS တွေကို အဓိက အားကိုးလာကြတာလေ။ ဒါကြောင့် ကျွန်တော်တို့က ပြည့်ပြည့်ဝဝနဲ့ ယာဉ်ထွက်အစီးရေ တိုးဖို့နဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့အောင် ကြိုးစားနေခြင်း ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ယာဉ်မောင်းတွေအနေနဲ့ စက်သုံးဆီနဲ့ ပတ်သက်လို့ မသမာမှုတွေ ပြုလုပ်ခြင်း မရှိအောင်လည်း Control Center ကတဆင့် ကြီးကြပ်သွားမှာ ဖြစ်တဲ့အပြင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေကလည်း ကြီးကြပ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“YTRC (Yangon Transport Regulatory Committee) စည်းကမ်းထိန်းသိမ်းရေးကသော်လည်းကောင်း Yangon Bus Operator (YBO) Control Center ကသော်လည်းကောင်း ဆီလာဝယ်တဲ့ကားတွေ နောက်နေ့မှာ တကယ် ပြေးဆွဲမှု ရှိ၊ မရှိ နေ့တိုင်း သေချာစစ်ဆေးသွားမှာပါ။ အကယ်၍ စည်းကမ်း ဖောက်ဖျက်တာတွေ ရှိလာခဲ့ရင် ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာပါ” လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။
ဒါအပြင် CNG ယာဉ်တွေနဲ့ ပတ်သက်လို့လည်း သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြို/ပို့ ယာဉ်အဖြစ် လုပ်ကိုင်နေတဲ့ YBS ယာဉ်တွေကို CNG ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ YBS ကားတွေ၊ YBS လမ်းကြောင်းအတိုင်း မောင်းရမှာပေါ့။ မမောင်းလို့ရှိရင် CNG ပေးတဲ့ကားတွေ CNG ပိတ်သိမ်းမယ်၊ YBS ယာဉ်လိုင်းကလည်း ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခရီးသွားပြည်သူတွေ ကြပ်ကြပ်တည်းတည်းနဲ့ စီးရတာမျိုး မဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ YRTC လက်အောက်မှာ ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်းပေါင်း ၁၄၅ လိုင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီး ရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၅ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကာ တရက်ကို ပျမ်းမျှ ၃၅၀၀ စီးခန့် ထွက်ပြီး ခရီးသွားပြည်သူဦးရေ နေ့စဉ် ၁ ဒသမ ၇ သန်းခန့် ရှိတယ်လို့ သိရပါတယ်။
စက်သုံးဆီ အခက်အခဲကြောင့် လက်ရှိမှာ YBS ယာဉ် စီးနင်းသူ ခရီးသည် နှစ်သိန်းခွဲကျော် တိုးလာတာဖြစ်ပြီး အရင်က ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်အစီးရေ ၃၄၀၀ ခန့်နဲ့ နေ့စဉ် ခရီးသည်ပေါင်း ၁ ဒသမ ၄၆ သန်းသာစီးနင်းခဲ့တာ ဖြစ်တယ်လို့ YRTC က ဆိုပါတယ်။
Photo – YRTC
