ဧပြီ ၂၉ ၊ ၂၀၂၆
GG (VOM)
KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာခရိုင် ၊ တပ်မဟာ ၆ နယ်မြေထဲက ကျေးရွာတချို့မှာ လေကြောင်းနဲ့ ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက်သေဆုံးပြီး လူ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က ဧပြီ ၂၉ ရက်နေ့မှာ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ သတ္တုခဲမိုင်းတွင်းနေရာကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၁ဝ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မနေ့က ကော့ကရိတ်မြို့နယ် တောင်ပိုင်း ၊ အံဖကြီးကျေးရွာရှိ ဖန်းခါးကုန်းအပိုင်းမှာလည်း ဒရုန်းဗုံးကြဲချတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ.နောက်ထပ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
” မနေ့က နေ့လယ် ၂ နာရီလောက်မှာ မက္ကသာ မိုင်းတွင်းဘက် ကို လေယာဉ်နဲ့ ခြောက် ကြိမ်လောက် လာကြဲသွားတာ။ သိရသလောက် အထိအခိုက် တော်တော်များပါတယ်။ ထိုင်းဘက်ပို့တဲ့ လူနာတွေလည်း ရှိတယ် သိရတယ်။ အဲဒီထဲမှာ တရုတ်တွေပါတယ်။အမျိုးသမီးတွေလည်း ပါတယ်။ အံဖကြီးရွာဘက်မှာကတော့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာလို့ သိရတယ် ။ KNU နယ်မြေတွေပါ ။ ” လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ် ။
မိုင်းတွင်း လေကြောင်း တိုက်ခိုက်ခံရတဲ့ အခြေအနေကြောင့် အဆောက်အဦတွေ ၊ လုပ်ငန်းသုံး စက်ယန္တရားတွေ ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ သိရပါတယ်။
အံဖကြီးရွာ တိုက်ခိုက်ခံရမှုမှာလည်း လူသေဆုံး ဒဏ်ရာရမှုအပြင် နေအိမ်တချို့လည်း.ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး လက်ရှိမှာ အစိုးရတပ်တွေက တပ်မဟာ ၆ နယ်မြေ ၊ ကော့ကရိတ်တောင်ပိုင်းကို စစ်ကြောင်းထိုး ရှင်းလင်းဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
၂၇ ရက်နေ့ကလည်း မြဝတီမြို့တောင်ပိုင်း၊ ဝေါလေဒေသမှာ တိုက်ပွဲ ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုလည်းရှိခဲ့ကာ ထီးသဲလယ်ကျေးရွာက နေအိမ် ၃၀ လောက် မီးလောင်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲဒီနေ့မှာပဲ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ဗဟန်းကျေးရွာကိုလည်း လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက်ကလည်း သံတောင်ကြီးမြို့နယ် မြောက်ပိုင်းရှိ ဘုံတောင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
