ဖားကန့်၊ လုံးခင်းကျေးရွာမှာ KIA တပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေ

ဧပြီ ၂၉ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ အစိုးရတပ် တပ်စွဲထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လုံးခင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်နဲ့ ရှမ်းနီတပ်တွေ ပါဝင်တဲ့ အစိုးရ စစ်ကြောင်းတွေဟာ ရွာအဝင်အထွက်တွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။
ဒါအပြင် လုံးခင်းရွာအတွင်းရှိ လူနေအိမ်တွေ၊ လူမှုကူညီရေးရုံး၊ ဂေါက်ကွင်းအနီးနေရာ၊ ထွန်းတောက်ဆီဆိုင်၊ သုသာန်၊ ဆေးရုံကုန်း၊ နှစ်မျက်နှာဘုရားပေါ် အစရှိတဲ့ နေရာတွေမှာလည်း အုပ်စုခွဲပြီး တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“KIA ဘက်က ဒရုန်း၊ လက်နက်ကြီးတွေ ဆက်တိုက်သုံးပြီး ထိုးစစ်ဆင်နေတာ။ အစိုးရတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတယ်။ တိုက်ပွဲက တော်တော်လေးကို ကြမ်းနေတာ။ ဒေသခံတွေလည်း တိုက်ပွဲထဲ ပိတ်မိနေတာရှိတယ်။ ရွာမှာ အထိုင်ချထားတဲ့ အစိုးရတပ်က တရွာဝင်တရွာထွက် စစ်ရေး လှုပ်ရှားနေတာတွေလည်း ရှိတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် အစိုးရတပ်ဖွဲ့ဝင်တွေ အဓိက အသုံးပြုနေတဲ့ ဖားကန့် – ကာမိုင်းလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားမယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားကာ လိုက်နာမှုမရှိတဲ့ ယာဉ်လိုင်းတွေနဲ့ ခရီးသွား ပြည်သူတွေကို ဧပြီ ၂၄ ရက်နေ့ကစပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
အဲဒီလိုပဲ အစိုးရတပ်ဘက်ကလည်း လုံးခင်း – မှော်စီစာ – ဖားကန့်လမ်းပိုင်းပေါ်ရှိ လုံးခင်းနဲ့ လယ်ပြင် ဆက်သွယ်ထားတဲ့ တံတားကနေ ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် မပေးဘဲ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
“ဖားကန့် – ကာမိုင်းလမ်းပိုင်းမှာ သွားလာတဲ့သူတွေကို KIA က ထိထိရောက်ရောက် အရေးယူမယ်ဆိုတာ တကယ်လုပ်နေတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း KIA က ကားတစီးကို ပစ်ခတ်ခဲ့လို့ တယောက်သေပြီး တယောက် ဒဏ်ရာရသွားသေးတယ်။ သူတို့က စစ်ရေးအရဆိုပြီး အကြောင်းပြ၊ လမ်းပိတ်လိုက်တော့ ပြည်သူတွေအတွက်က စီးပွားရေး၊ ကျန်းမာရေး အကုန်ထိခိုက်တယ်။ မိသားစုဝမ်းရေး၊ ကျန်းမာရေးကိစ္စက ရှိသေးတယ်လေ။ ဒါတွေအကုန် သူတို့ တာဝန်ယူထားနိုင်မလား။ ဘာတာဝန်မှ မယူနိုင်ဘဲနဲ့ အခုလို လုပ်နေတာတွေက ပြည်သူတွေကို ဒုက္ခတွင်းထဲ အရောက်ဆွဲချသလို ဖြစ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်တွေက ရှေ့တန်းကင်းစခန်း ခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ရေးအရ အရေး ပါတဲ့ မရှီကထောင်ရပ်ကွက်ရှိ ဆုတောင်းကုန်းစခန်းကိုတော့ အစိုးရတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေသုံးကာ ပြန်လည် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW