မှောင်ခိုလိုဖြစ်နေတဲ့ ရွှေဈေးနဲ့ လုပ်သမျှခံရ ပြည်သူ့ဘဝ

ဧပြီ ၂၇ – ၂၀၂၆
SS (VOM)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း ရွှေဈေးကွက်မှာ မှောင်ခိုရွှေဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ဘဏ်အကောင့်တွေကနေ ငွေထုတ်ရ ခက်ခဲလာပြီး ရွှေဆိုင်တွေမှာ ငွေသား (Cash) နဲ့သာ အရောင်းအဝယ်ပြုလုပ်မှု ပိုမို များပြားလာတာကြောင့် ရွှေဆိုင်တချို့အတွက် လုပ်ငန်းအခွင့်အလမ်း ပိုသာနေပေမယ့် ပြည်သူတွေအတွက်ကတော့ မြင့်မားတဲ့ ရွှေဈေးနှုန်းဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ သိရပါတယ်။
“ဝယ်ရင်သာ သိန်း ၁၀၀ ဈေးနဲ့တွက်တာ။ ရောင်းရင်တော့ စနစ်ဟောင်းလိုလို၊ စနစ်သစ်လိုလိုတွေနဲ့ တွက်တာ။ တကျပ်သားကို ပေါက်စျေးနဲ့ ကျပ်သိန်း လေးဆယ်လောက်ကွာနေတာ။ ဘောက်ချာမှာ ဈေးတမျိုး၊ ပိုက်ဆံယူတော့ တမျိုးနဲ့ ရောင်းနေကြတာပဲ အရမ်းကြာနေပြီ။ ငွေကြေးချမ်းသာတဲ့ လူတွေရဲ့အတ္တဆန်တဲ့ လုပ်ကွက်တွေကို သာမန်ပြည်သူတွေပဲ ခံစားနေကြရဦးမှာ။ လောဘတွေ ကြီးပြီးရင်း ကြီးနေကြတာ။ ဒီလိုဆိုင်တွေကိုကျ သေချာလိုက်စစ်ပြီး အရေးမယူကြဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ အိမ်ခြံမြေ၊ ရွှေနဲ့ ဒေါ်လာဈေး ကစားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ဘဏ်တွေကနေ ငွေသားထုတ်ယူမှုကို တင်းကျပ်ထားတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တကြိမ်ကို ငွေကျပ် သိန်း ၅၀ သာ ထုတ်ယူရရှိတဲ့အထိ ကန့်သတ်ချက်တွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ရွှေဆိုင်တွေအနေနဲ့ ငွေသား (Cash) နဲ့သာ အရောင်းအဝယ်ကို ဦးစားပေး လုပ်ဆောင်လာကြတဲ့အတွက် ငွေသားလက်ဝယ်ရှိတဲ့ ရွှေဆိုင်ကြီးတွေဟာ ဈေးနှုန်းကို မိမိတို့သဘောအတိုင်း လိုသလို သတ်မှတ်နိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ သိရပါတယ်။
“ဈေးကွက်ထဲမှာ ရွှေဈေးအမျိုးမျိုး ဖြစ်နေတာကိုက အဆင်မပြေဘူး။ ရောင်းဈေး၊ ဝယ်ဈေးက အရမ်းကွာဟနေတယ်။ ရွှေဆိုင်တွေက သူတို့ရောင်းရင် တက်ဈေး၊ သူတို့ဝယ်ရင်တော့ ကျသွားရော။ ရွှေတကျပ်သားကို သိန်း ၁၀၀ နဲ့ဝယ်ပြီး ပြန်ရောင်းမယ်ဆိုရင် သိန်း ၇၀ ဝန်းကျင်ပဲ ပြန်ရတယ်။ ရွှေဈေးက တက်ရင်သာ နင်းကန်တက်တာ။ ဈေးကျရင် လိုက်မချဘူး။ ဒေါ်လာဈေး တက်လို့ပါဆိုပြီး ရွှေဈေးမချဘဲ ဒေါ်လာဈေးကို ဆွဲတင်ပြီး ဈေးကစားပစ်တာ။ ရွှေဆိုင်တွေ တော်တော်များများက အဓမ္မသမားတွေ ဖြစ်နေတာ” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ ဗဟိုဘဏ်ရဲ့ တင်းကျပ်မှုတွေဟာ စီးပွားရေးဈေးကွက်အတွင်း အတားအဆီးတွေကို ဖြစ်ပေါ်စေပေမယ့်လည်း ရွှေဈေးကွက်မှာတော့ ငွေသားကိုင်ဆောင်ထားနိုင်တဲ့ ရွှေလုပ်ငန်းရှင်တွေအတွက် အခွင့်အရေးဖြစ်နေပြီး ပြည်သူတွေကတော့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရတာ ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
“ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်အမှားလို့ပဲ ပြောရမှာပဲ။ ဒီမူဝါဒက ရွှေမှောင်ခိုဈေးကွက်ကို အကြီးအကျယ် အားပေးသလို ဖြစ်နေတယ်။ လက်ရှိမှာ Cash နဲ့ အရောင်းအဝယ် လုပ်ရတာက ရွှေသမားတွေအတွက် ပိုပြီး တွက်ခြေကိုက်နေတာကိုး။ ရွှေဆိုင်ကတော့ ၇၂ သိန်းကနေ မတက်ဘူး။ အလျော့တွက်က ၁၀ သိန်းကျော် ဖြစ်နေတယ်။ စားသုံးသူတွေပဲ အကြီးအကျယ် နစ်နာတာ” လို့ ရွှေဈေးကွက် ကျွမ်းကျင်သူက ပြောပါတယ်။
ပြည်တွင်း ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ကျပ် ၉၅ သိန်းဝန်းကျင် ရှိခဲ့ရာမှ ဇန်နဝါရီလလယ်မှာ ကမ္ဘာ့ရွှေဈေး မြင့်တက် ပြောင်းလဲမှုပေါ် မူတည်ပြီး ကျပ်သိန်း ၁၀၀ အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မတ်လဆန်းပိုင်းမှာ ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်လည် ကျဆင်းမှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်းလည်း အနည်းငယ် လိုက်ပါ ကျဆင်းခဲ့ပေမယ့် ဈေးကွက် တည်ငြိမ်မှုမရှိ ဖြစ်နေသေးတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ်သိန်း ၁၀၀ ကနေ ၁၁၀ ကြား ဈေးအမြင့်နဲ့သာ ဆက်ရှိနေတာဖြစ်ပြီး ရွှေနဲ့ ငွေကြေးဈေးကွက်ကို ထိန်းကျောင်းနိုင်ဖို့အတွက် အစိုးရ တာဝန်ရှိသူတွေက လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပေမယ့်လည်း ထိရောက်မှုမရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW