မေ ၁ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (မြောက်ပိုင်း)၊ တီးတိန် မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံတွေ ထိတ်လန့်နေပြီး လူဦးရေ ထက်ဝက်ကျော်လောက် နေရပ်စွန့်ခွာ စစ်ရှောင်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တီးတိန်မြို့ပတ်ဝန်းကျင်က ဆဲဇာန်၊ လမ်းဇန်၊ ဂေါင်မွှလ်၊ လိုင်လိုး၊ တွီးလန့်၊ တွာလ်ဇန်၊ လိုင်လွီး၊ တက်လွီး၊ ဟောက်ပီး၊ ထန်းဇာန်၊ ငင်းနှုန်းနဲ့ ဗာရ်ဗုမ်း အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေပါ စစ်ရှောင်နေကြတာဖြစ်ပြီး အများစုဟာ တောင်ယာဘက်ကို သွားကြတာဖြစ်ကာ တချို့ကတော့ တီးတိန်မြို့အတွင်းက ကျေးရွာတွေဘက်ကို ပြောင်းရွှေ့နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကလေးမြို့ဘက်ကို သွားကြတဲ့ ဒေသခံတွေလည်းရှိသလို၊ တချို့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်နဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ဘက်ကိုပါ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။
“ဒေသတွင်း တပ်တွေဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ ခုချိန်ထိ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် သတင်းထွက်နေတာ ပြီးခဲ့တဲ့ ဧပြီ လလယ်လောက်ကတည်းက။ အဲဒီအချိန်ကတည်းက ဒီကလူတွေ တစစနဲ့ စစ်ရှောင်ကုန်ကြတာ။ အိမ်တအိမ်မှာ အိမ်စောင့် တယောက်၊ နှစ်ယောက်လောက်ပဲ ကျန်တော့တယ်။ ရှောင်တဲ့သူတွေက တရက်ထက်တရက် ပိုများလာတာ။ အခုဆို မြို့ထဲမှာ လူတောင် သိပ်မတွေ့ရတော့ဘူး။ အဓိက ကတော့ လေကြောင်းရန်ကို ကြောက်ကြတာပေါ့။ မနေ့ကလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်သေးတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
မနေ့ ဧပြီ ၃၀ ရက်၊ မနက် ၇ နာရီ ၁၅ မိနစ်က တီးတိန်မြို့နယ်၊ ဟေလေးရွာနဲ့ တွီးကျင့်ကျေးရွာကြားရှိ ခွာအီမူအယ်လ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီဖြစ်စဉ်အတွင်း အဆောက်အအုံတချို့ ပျက်စီးသွားတာရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
အဲဒီ လေကြောင်းဖြစ်စဉ် အပြီးမှာတော့ ဒေသခံတွေဟာ ပိုမို ထိတ်လန့်လာကြပြီး ဘေးလွတ်ရာကို ရှောင်ကြသူတွေ ပိုများလာတာကြောင့် အစိုးရတပ်က စစ်ရှောင်ကားတွေကို လွယ်ဘွာလ်ရပ်ကွက်၊ လမ်းဇန်လမ်းခွဲမှာ ပိတ်ပင် တားဆီးမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့ မွန်းလွဲပိုင်းလောက်စပြီး အစိုးရတပ်က ကားတွေကို ထွက်ခွင့်မပေးတော့တာ။ အဲဒီတော့ ပိုပြီး စိုးရိမ်နေကြရတာပေါ့။ အခြေအနေကလည်း ဘာဖြစ်လာမယ်ဆိုတာ ကြိုတွက်လို့မရဘူးလေ။ လက်နက်ကိုင် တပ်တွေကတော့ ထိုးစစ်ဆင်မယ့်အချိန်ကို ကြိုအကြောင်းကြားမယ်လို့ ပြောထားတာပဲ။ ခုချိန်ထိတော့ ဘာသံမှ မကြားသေးဘူး။ ဒါပေမယ့် မြို့သိမ်းမယ်ဆိုတာက အဓိက မဟုတ်ဘူး။ မြို့နေပြည်သူတွေရဲ့ ရှေ့ဆက်ရမယ့်ဘဝ တည်ငြိမ် အေးချမ်းဖို့အတွက် အာမခံချက် ပေးနိုင်ဖို့က ပိုအရေးကြီးတာပါ” လို့ သူက ပြောပါတယ်။
လူဦးရေ တသောင်းခွဲဝန်းကျင် နေထိုင်တဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ တီးတိန်မြို့ဟာ စစ်ရေးနဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့ဖြစ်ပြီး အစိုးရတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၆၉) အခြေစိုက်ထားတဲ့မြို့ဖြစ်ကာ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA-EC) တပ်ဖွဲ့ဝင်တချို့လည်း အဲဒီ တပ်ရင်းထဲမှာ ဝင်ရောက်ပူးပေါင်း နေထိုင်နေတယ်လို့ သိရပါတယ်။
အစိုးရတပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ တီးတိန်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှုကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ZRA-EC အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက် ထုတ်ပြန်ထားပါတယ်။
ဇိုမီးနယ်မြေဖြစ်တဲ့ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာ ပြင်ပလက်နက်ကိုင် အင်အားစုတွေအနေနဲ့ မည်သည့် အကြောင်းပြချက်နဲ့မျှ ဝင်ရောက် ကျူးကျော်တာ၊ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်တာ ခွင့်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တွန်းဇံမြို့ကို ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ချင်းပြည် (တောင်ပိုင်း) ရှိ ပလက်ဝမြို့နယ်ကိုတော့ AA က သိမ်းပိုက်ထားတာဖြစ်ကာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကိုတော့ ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့နယ်ကို အစိုးရတပ်တွေက လေကြောင်းနဲ့ မြေပြင်အင်အား အလုံးအရင်းအသုံးပြုကာ ခြောက်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် အခု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်မှာ ပြန်လည် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ ချင်းပြည်နယ်အတွင်း ဖလမ်းအပြင် တီးတိန်၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေဟာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
