ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲဆိုတာ စိတ်ဝင်စား​နေ

နေပြည်တော် မေ ၁ – ၂၀၂၆
KKL(VOM)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ကျခံရမယ့် ပြစ်ဒဏ်ကို ရာဇဝတ် ကျင့်ထုံးဥပ​ဒေ ပုဒ်မ ၅၄၁ အပိုဒ် ၁ အရ သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက်ကျခံဖို့ကို သမ္မတအမိန့်နဲ့ ကဆုန်လပြည့်​နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်နေရာက ဘယ်အိမ်ကိုပို့ဆောင်ထားတယ်ဆိုတာကို​တော့ အစိုးရက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
​ဒေါ်​အောင်ဆန်းစုကြည်ကို စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ အရာရှိ​တွေ ​တွေ့ဆုံတဲ့ပုံနဲ့ ​နေအိမ်အကျယ်ချုပ်ထား​ကြောင်း သတင်းထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိတ်ဝင်တစားနဲ့ ဘယ်မှာထားတယ်ဆိုတာ သိချင်​နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် ပုဗ္ဗသီရိ မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ Bullet ဦးလှဆွေကို​​မေးကြည့်​​​တော့
“ခင်ဗျားတို့က ဘာလို့သိချင်နေကြတာလဲ မသိဘူး ကျွန်တော်ကသိတယ် ပြောရင် ဟိုဟာဖြစ်သွားမှာစိုးလို့ ကျွန်တော်သိတယ် မပြာချင်ဘူး” လို့ VOM ရဲ့ ဆက်သွယ်မှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်ရှိနေတဲ့ပြစ်ဒဏ် ဆက်လက်ကျခံဖို့အတွက် ဘယ်မြို့က ဘယ်နေအိမ်မှာ ထားတယ်ဆိုတာကို ပြည်သူတွေက စိတ်ဝင်တစား သိချင်နေကြတာလည်းဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကတော့
“ကျွန်တော်လည်း ထုတ်ပြန်ချက်ကိုတော့ကြားသိနေရပေမယ့် ဘယ်မှာထားတယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး ဒီနေ့ညနေ ၆ နာရီသတင်းကိုတော့ စောင့်ပြီးနားထောင်ရမှာပဲ လိုင်းပေါ်မှာတော့ အမျိုးမျိုး သူတို့ထင်တာတွေကို တင်နေကြတာတော့တွေ့ရပေမယ့် အဲ့ဒါတွေကို အတည်ပြုလို့မရပါဘူး” လို့ VOM ကိုပြောပါတယ်။
​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​​ရှေ့​နေ​​တွေက​တော့ ​တွေ့ခွင့်ရဖို့ ကြိုးစားသွားမယ့်အ​ကြောင်း နိုင်ငံခြားသတင်းဌာနကြီးတခုသတင်းအရ သိရပါတယ်။
ပုဒ်မ ၅၄၁ မှာ​တော့ ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ခုခုအရဖြစ်စေ လူတဦးအား ထောင်သွင်းအကျဉ်းချထားရန် (သို့မဟုတ်) ရဲအချုပ်တွင် ထားရှိရန် အမိန့်ချမှတ်သည့်အခါ ထိုသူအား မည်သည့်နေရာတွင် ချုပ်နှောင်ထားရှိရမည် ကို နိုင်ငံတော်အစိုးရက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ညွှန်ကြားနိုင်သည်။ အကယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူအား အကျဉ်းထောင်မဟုတ်သော အခြားသင့်လျော်သည့်နေရာတွင် ထားရှိရန် လိုအပ်ပါက အစိုးရတွင် ညွှန်ကြားပိုင်ခွင့်ရှိသည်လို့ ​ဖော်ပြထားပါတယ်။
တာဝန်ရှိသူတွေဖက်က ဒေါ်အောင်ဆန်းစုကြည်ကိုထားတဲ့ နေရာအတိအကျကို လုံခြုံရေးကိစ္စရပ်တွေ​ကြောင့် တရားဝင်ပြောဆိုတာမရှိသေးတဲ့အပေါ် ပြည်သူတွေ မျိုးစုံ ထင်​ကြေး​ပေး ဝေဖန်မှုတွေရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW