မန္တလေး၊ မေ- ၁- ၂၀၂၆
SA(VOM)
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပစ္စည်းခိုးဖို့ စနစ်တကျ သင်ထားတဲ့မျောက်တွေကို ရပ်ကွက်တွေထဲလွှတ်ထားကာ လူဝင်ထွက်ဖို့ ခက်ခဲတဲ့ အဆောက်အဦတွေက တန်ဖိုးကြီးပစ္စည်းတွေ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာ အဲ့ဒီမျောက်သူခိုး အများစု မန္တလေးမြို့ပေါ်မှာ ခပ်စိပ်စိပ်လှုပ်ရှားလာတာကို တွေ့ရပါတယ်။
” ခိုးတာက လူလည်းမဟုတ်တော့ အရေးယူဖို့ခက်တယ် ဒီကိစ္စက မျောက်ဖမ်းကျွမ်းကျင်သူဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့နဲ့ဖြစ်ဖြစ် ဝိုင်းဖမ်းမှရမယ်၊ ဒါမှမဟုတ်ရင်လည်း နောက်ဒါမျိုးမဖြစ်အောင် နည်းတခုခု ရွေးရမှာပေါ့ ” လို့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း အဲ့ဒီလိုစနစ်တကျ ပစ္စည်းခိုးဖို့ သင်ထားတဲ့ မျောက်တွေကို ၈၁ လမ်း ၄၄ လမ်းနဲ့ ၄၅ လမ်းကြားက ကျောင်းတိုက်နဲ့ နေအိမ်တွေပေါ်မှာ လှုပ်ရှားသွားလာနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ဓာတ်ပုံနဲ့တကွ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။
” အဲ့ဒီမျောက်တွေ သောင်းကြမ်းနေတာကြာပြီ ကိုယ်တွေ့ပဲ ကျနော်တို့ရပ်ကွက်ထဲမှာလည်း မကြာခဏဆိုသလို တွေ့ရတတ်တယ်၊ သင်ထားတာမျိုးပေါ့၊ တံခါးတို့ ပြတင်းပေါက်တို့ ပွင့်နေတဲ့အိမ်ဆိုရင် သွားပြီ တန်ဖိုးကြီး ပစ္စည်းကို ရွေးခိုးတာ၊ အရင်ကဆို ရပ်ကွက်ထဲလာပါများလို့ လေးခွ ဆောင်ထားရတယ်၊ ဖြစ်နိုင်ရင် လူဝင်မရတောင် မျောက်လိုအကောင် ဝင်မရအောင်ကို အပေါက်တွေ ပိတ်ထားတာအကောင်းဆုံးပါ” လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
လက်တလောမှာ အဲ့ဒီမျောက်တွေက မဟာမုနိဘုရားကြီး အနီးတဝိုက်နဲ့ အဲ့ဒီနားက ရပ်ကွက်တွေမှာ သွားလာလှုပ်ရှားနေကြတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – CRD
