မေ ၁ – ၂၀၂၆
SN (VOM)
ရထားတွဲဆိုင်း ခြောက်တွဲပါ ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားကို အစီးရေတိုးချဲ့ ပြေးဆွဲပေးစေလိုတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
ရန်ကုန် – မန္တလေး ခရီးစဉ်အတွက် အမှတ် (၅) အဆန်နဲ့ အမှတ် (၆) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ဒီကနေ့ မေ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
အစုန်/အဆန် ရထားတွေဟာ နေ့စဉ် မနက် ၆ နာရီမှစတင်ကာ ထွက်ခွာမှာဖြစ်ပြီး သက်ဆိုင်ရာဘူတာတွေကို ညနေ ၁၆ နာရီမှာ အသီးသီး ရောက်ရှိကြမှာဖြစ်ကာ ခရီးစဉ် စ/ဆုံး စုစုပေါင်း ပျမ်းမျှကြာမြင့်ချိန် ၁၀ နာရီရှိတယ်လို့ သိရပါတယ်။
ရန်ကုန် – မန္တလေး – ရန်ကုန် ခရီးစဉ်တလျှောက် ရပ်တန့်ဘူတာတွေကတော့ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ခရီးသွားပြည်သူ တယောက်က “တွဲဆိုင်းကလည်း ခြောက်တွဲပဲ ပါတယ်။ ပစ္စည်းတင်တဲ့ တွဲတောင်မပါဘူး။ ရထားကြီး ၁၅ တွဲနဲ့တောင် ရန်ကုန် – မန္တလေး ခရီးသည်လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးဘူး။ ဒီရထားလေးနဲ့တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ပြီးတော့ အစုန်/အဆန် နှစ်စီးလောက်နဲ့ ပြေးဆွဲနေတာထက် တစင်းပြီးတစင်း တနေ့ကို လေးစင်း၊ ငါးစင်းလောက် အစုန်/အဆန် ပြေးဆွဲပေးရမှာ” လို့ ပြောပါတယ်။
မြန်မာ့မီးရထားကတော့ လက်ရှိ ပြေးဆွဲပေးနေတဲ့ DEMU လူစီး အမြန်ရထားတွေနဲ့ ပတ်သက်ပြီး ရထားစီးနင်းသူ များပြားလာတာနဲ့အမျှ ရထားခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲပေးခြင်း၊ ရထားတွဲတွေ ထပ်မံချိတ်ဆက် ပြေးဆွဲခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီကနေ့ စတင် ပြေးဆွဲပေးနေပြီဖြစ်တဲ့ ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားခရီးစဉ်တွေအတွက် လက်မှတ်ခ နှုန်းထားအနေနဲ့ အထက်တန်းကို လေးသောင်းရှစ်ထောင်ကျပ်၊ ပထမတန်းကို သုံးသောင်းလေးထောင်ကျပ် သတ်မှတ်ထားပြီး ရထားလက်မှတ်ကို အွန်လိုင်းစနစ်ဖြစ်တဲ့ Online Railways Ticketing and Payment (ORTP) စနစ်နဲ့ တပတ်ကြိုတင် ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလက်မှတ်နှုန်းထားနဲ့ ပတ်သက်လို့ ပြည်သူတယောက်ကတော့ အခြေခံ လူတန်းစားတွေအတွက် ခရီးစဉ် စ/ဆုံး စီးနိုင်ဖို့ အိပ်မက်တခုလိုဖြစ်နေပြီး ရထားဆိုရင် တွဲရှည်ရှည်နဲ့ ရထားကြီးတွေသာ အကောင်းဆုံး ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ထပ် ပြည်သူတယောက်ကလည်း “ကြားဘူတာတွေအတွက် အွန်လိုင်းကနေ ရထားလက်မှတ် ဖြတ်ရတာ အဆင်ပြေဘူး။ ဘယ်ဘူတာအတွက်ပဲဖြစ်ဖြစ် ခရီးစဉ် စ/ဆုံး ဝယ်စီးမှ အဆင်ပြေတယ်။ နောက်တခု လက်မှတ်ကို အွန်လိုင်းကနေ ရောင်းပေးတာထက် လက်မှတ်ရုံမှာပဲ ရောင်းပေးစေချင်တယ်။ အွန်လိုင်းစနစ်တွေက အဆင်မပြေတာများတယ်” လို့ ပြောပါတယ်။
အဲဒီလိုပဲ နောက်ထပ်ခရီးသည် တယောက်ကလည်း ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားခရီးစဉ်အတွက် တပတ်ကြိုတင်ကာ ရထားလက်မှတ် ဖြတ်ရမယ်ဆိုတဲ့ သတင်းကြောင့် မေ ၁ ရက်နေ့အတွက် လွန်ခဲ့တဲ့တပတ် ည ၁၂ နာရီကျော်ကတည်းက အထက်တန်းတွဲ လက်မှတ်ဖြတ်ဖို့ လုပ်ဆောင်ရာမှာ ဘယ်အချိန်ကြည့်ကြည့် အထက်တန်းတွဲက အမြဲတမ်း ရောင်းပြီးသားလို့သာ ပြနေတာကြောင့် အဆင်မပြေဖြစ်နေပြီး အွန်လိုင်းစနစ်ထက် လက်မှတ်ရုံမှာသာ ရထားလက်မှတ် ရောင်းချပေးတာကသာ ပြည်သူတွေအတွက် ပိုပြီး ထိရောက်မှုရှိနိုင်မယ်လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာ့မီးရထားအနေနဲ့ ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားအပြင် လတ်တလော ပြေးဆွဲနေတဲ့ အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန် ရန်ကုန် – မန္တလေး ရထားခရီးစဉ်ကိုလည်း ပုံမှန် အတိုင်း ဆက်လက် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
Photo – CJ
