ဆူးငှက်
စာပေ၊ ပန်းချီ၊ ဂီတ နှင့် မယ်မယ်ရရ မရှိခဲ့ပုံ
——————————————-
ကျွန်တော် ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါသည်။ ကြီးလာတော့ စာပေ ဝါသနာပါသည်။ သို့သော် ထို ၂ခုစလုံးက တီးမိခေါက်မိရုံသာ။ ပန်းချီသာ ဝါသနာပါသည် ကူးဆွဲသည့် အဆင့် သာသာဖြစ်သည်။ ကိုယ့်ဖာသာ ဖန်တီးပြန်တော့လည်း ဆီဆေးကိုပင် ဘာနှင့် ရေးရကောင်းမှန်းမသိ။ ထို့အတူ စာပေဝါသနာပါသည်။ စာအုပ်လေးတွေ ဟိုစပ်စပ် သည်စပ်စပ်သာ ဖတ်သည်။ ကျောင်းနံရံကပ်စာစောင်မှာပင်း ဖြစ်ဖြစ်မြောက်မြောက် မဟုတ်လှ။ ယခုထိကိုပင် ကိုယ်ဝါသနာပါသော စာပေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော်လည်း မိမိ၏ စာပေအဆင့်က တယ်မဟုတ်လှ၊ အရာမဝင်လှ။ နေ့ဖို့ညစာပင် အနိုင်နိုင်။ ကိုင်း ထားပါတော့၊ နောက် ဝါသနာပါတာက ဂီတ။
သို့သော် ဂီတနှင့် ပတ်သက်၍မူ သီချင်း နားထောင်တတ်ရုံပင် ဖြစ်သည်။ အစအဆုံးရသည့် သီချင်းပင်လျှင် လက်၅ချောင်း မပြည့်လှ။ တီးတတ်မှုတ်တတ်ဖို့ဆိုတာ ဝေလာဝေး။ ဝါးလက်ခုပ်ပင် စည်းဝါးမှန်အောင် မလိုက်တတ်ပေ။ တစ်နှစ်တင် ရွာမှာ ကြုံလို့ တောင်ရပ်တီးဝိုင်းနောက်က ရှင်လောင်းလှည့် လိုက်တော့ တီးလုံးနောက်က ဟုတ်ပေ့ဗျို့ ဟု အော်ရတော့ ကီးမကိုက်လို့ ကာလသားခေါင်း ကိုအောင်မောင်းက မျက်လုံးပြူးကြည့်ခံရသည်။ သီချင်းတောင် သံစဉ်မှန်မှန်မဆိုတတ်တာ သီချင်းစပ်ဖို့ဆိုတာ အဝေးကြီးလေ။ သို့သော် ဖောင်ဖျက်ခဲ့ပါပြီ။ အနုပညာအသင်း ဥက္ကဋ္ဌထံ သီချင်းစပ်မယ်ဟု လက်မထောင် ပြောခဲ့ပါပြီ။ ဆိုစေခဲ မြဲစေ ပေါ့။
ဟံသာဝတီ စနေစာပေဝိုင်း
——————————
စာပေနှင့် ပတ်သက်၍ အဘ ကိုယ်နှုက်က အားပေးသည်။ ထို့ကြောင့် မန္တလေးမှာ ဟံသာဝတီ သတင်းစာ လာရောက် ထုတ်ဝေမည်ဆိုတော့ ၃ကျပ်၁၅ပြားနေ့စား လုပ်ခသာရသော အဘက သတင်းစာ လပေးယူသည်။ ကျွန်တော် လောက်လောက်လားလားဖြစ်ချိန် အ်မ်မှာ သတင်းစာရှိတော့ စာပေဝါသနာအခံက အစို့ အညှောက်ထွက်လာသည်။ ဟံသာဝတီက စာပေသာမက ပန်းချီကိုလည်း အခါကြီးရက်ကြီး သတင်းစာ အထူးထုတ် မျက်နှာဖုံး ပန်းချီများဖြင့် အစို့ထွက်စေသည်။ ထို့ပြင် ဟံသာဝတီ သတင်းစာက သတင်းပေးတာဝန်သာမက အမှန်တရား အမှားတရား ခွဲခြားသိစွမ်းနိုင်ဖို့ တာဝန်ကိုလည်း ရဲရဲဝံ့ဝံ့ ယူခဲ့သည်။
ထိုအရာမှာ ဟံသာဝတီ သတင်းစာတိုက်၏ နာမည်ကျော် စနေစာပေဝိုင်းများပဲ ဖြစ်သည်။ ၁၉၆၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် မန္တလေးသို့ ပြောင်းရွှေ့ကာ ထုတ်ဝေခဲ့သော ဟံသာဝတီ သတင်းစာသည် ၁၉၇၅ခု ဇန်နဝါရီလ၂၅ရက်နေ့တွင် စနေစာပေဝိုင်းကို စတင်ခဲ့သည်။ စနေစာပေဝိုင်း၏ ရည်ရွယ်ချက်မှာ တိုက်၏ စာကြည့်တိုက်မှ စာအုပ်ပေါင်း ၁၅၀၀ကျော်ကို ဖတ်ရှုကြသည့် သတင်းစာတိုက် အလုပ်သမားများက စနေနေ့တိုင်း သတင်းစာတိုက် ဖိုးဝဇီရ ခန်းမတွင် ရေနွေးကြမ်းတစ်အိုး လက်ဖက်တစ်ပွဲဖြင့် ဖတ်ပြီးသည့် စာအုပ်များအကြောင်း စကားဝိုင်းဖွဲ့ရာမှ စတင်ခဲ့သည်။
အစကတော့ စာပေစကားဝိုင်း၊ နောက်တော့ စာပေအပေါ် ပွင့်လင်းစွာ ဝေဖန်မှုများဖြင့် တိုးတက်လာတော့ အယ်ဒီတာချုပ်ဦးဝင်းတင်က ပြင်ပ ပညာရှင်များအထိ ပင့်ဖိတ်ပြီး စာတမ်းဖတ်ခြင်း ဝေဖန်ဆွေးနွေးခြင်းများပြုလုပ်ရာ ပြင်ပက စာပေဝါသနာရှင်များပါ စနေစာပေဝိုင်းသို့ လာရောက် နားထောင် ဆွေးနွေးကြသည်။ စနေစာပေဝိုင်းတွင် စတင်ခဲ့သည့် ၁၉၇၅ခုနှစ်က စာတမ်း ၃၅ကြိမ်၊ ၁၉၇၆ခုနှစ်က စာတမ်း ၁၉ ကြိမ်၊ ၁၉၇၇ ခုနှစ်ကလည်း စာတမ်း ၁၉ကြိမ်၊ ၁၉၇၈ခုနှစ်က စာတမ်း ၁၃ကြိမ်ဖြင့် စူစူပေါင်းစာတမ်း ၈၇စောင် ဖတ်ကြားခဲ့သည်။
ထို ၈၇စောင်တွင် ကျွန်တော် သွားရောက် နားထောင်ဖူးတာ ၅ကြိမ်ပင် ပြည့်မည် မဟုတ်ပါ။ ၁၉၇၅ခု မေ ၁၇ ရက်က ဖတ်သည့် ချင်းတွင်းချစ်သွေး၏ ဗိုလ်ချုပ်အောင်ဆန်းလေ့လာခဲ့သော စာများ၊ ၁၉၇၅ သြဂုတ် ၉ရက်နေ့က လူထုဒေါ်အမာ၏ အတ္ထုပ္ပတ္တိစာပေစာတမ်း၊ ၁၉၇၅ နိုဝင်ဘာ ၈ရက်က မောင်သာရ၏ တွေ့ ချစ် ကွဲ လွမ်း ပြေ ညား ချမ်းသာ စာတမ်း၊ ၁၉၇၆ခုနှစ် စက်တင်ဘာ၄ရက် မျိုးမြင့်ငြိမ်း၏ လှတောသားစကားစာတမ်း၊ ၁၉၇၇ ဇန်နဝါရီလ ၁၅ရက် ဇော်ပုလဲ၏ ကဗျာလွတ်အက ၁၂၅ကွက် စာတမ်း (ထိုနေ့မှာတော့ ယောက်ဖစာတမ်း အစ်မ အကမို့ ပါဝင်ကူညီသူပေါ့)၊ နှင့် ၁၉၇၈ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် သိန်းဖေမြင့် ရုပ်ပုံလွှာ စာတမ်းများ အမည်ဖြင့် ဦးဝင်းတင်၊ သခင်ကျော်စိန် နှင့် ချင်းတွင်း ချစ်သွေးတို့၏ စာတမ်းများ ဖတ်သည်။ ကျွန်တော် တက်နားထောင်ဖူးတာ ဒီလောက်ပဲ ဖြစ်မည်။
အလှုပ်ခတ်ဆုံးကတော့ သိန်းဖေမြင့် ရုပ်ပုံလွှာစာတမ်းများပဲ ဖြစ်ပါ၏။ ပွဲပြီး ရက်အတော်ကြာသည်အထိ ထိုစာတမ်းများအကြောင်းက အပြင်မှာ ပြောမပြီးခဲ့။ စာတမ်းများကလည်း အတော်ပွင့်လင်း ရဲဝံ့သည့် စာတမ်းများ ဖြစ်သည်။ ဤသို့ဖြင့် မန္တလေးက ချစ်သော ဟံသာဝတီ သတင်းစာသည် ၁၉၇၈ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် လုံဝ ပိတ်သိမ်း ရပ်စဲခံလိုက်ရတော့သည်။
အဖွင့်သီချင်းက စာမြှောင်ကပ်လား
————————————-
ကိုင်း… ပရိကံတွေ ရပ်ပြီး ၁၉၇၈ခုနှစ် သင်္ချာအသင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် သီချင်းစပ်စပ်သည့် အကြောင်း ဆက်ပါမည်။ ကျွန်တော်လည်းသင်္ချာ အနုပညာအသင်း က ပွဲအတွက် အဖွင့်သီချင်းစပ်နိုင်ကြောင်း ကြေညာကတည်းက ရှုံးနိမ့်ခဲပသော ဒဏ်ဖြင့် မာန်ကြွကာ သီချင်းစပ်ဖို့ တက်ကြနေသည်။ ထို့ကြောင့် အိမ်ရောက်သည်နှင့် ကိုယ်မလုပ်ဖုူးသော အလုပ်ကို ညအလင်းပေါက် ကြိုးစားပမ်းစား ရေးချွတ်သည်း ပါးစပ်က ဒီဒီဒါဒါဆိုကြည့်လိုက် ရေးလိုက် ဖျက်လိုက်ပေါ့။ ဤသို့ဖြင့် လင်းလုပါမှ သီချင်းဟူသော စာရွက်တစ်ရွက် အချောကူးနိုင်ခဲ့၏။
ထိုမနက်မှာပဲ ကျွန်တော်လည်း သီချင်းစာရွက်ကို အနုပညာအသင်းဥက်္ကဋ္ဌ တာဝန်ခံ ဂုဏ်ထူးတန်း ကျောင်းသားကြီးဆီ သွားပို့သည်။ ဥက္ကဋ္ဌက ကျွန်တော့်ကို မော့၍မျှပင် မကြည့်ဘဲ အဲ့ဒီအချိန် သင်္ကြန်မှာ တကြော့ပြန် ခေတ်စားလာသော “မန်းတောင်ရိပ်ခို” သီချင်း အလိုက်ပဲလားဟုမေးသည်။ တစ်ဆက်တည်းပင် သူက တေးသွားတစ်ပုဒ်ကို ညီးပြပြီး “လောလောဆယ် ဒို့နားထဲမှာ ဒီသီချင်းလေးကို စွဲနေတာကွ၊ အဲ့ဒီသီချင်း အလိုက် ဆိုရင်ကော” သူညီးပြသော သီချင်းက စိန်မဟာသဘင်မှ မင်းသားရဲစိန် နှစ်ပါးသွားတွင် အမြဲသီဆိုသော ဖိုးဝရုပ် သီချင်းအလိုက် ဖြစ်နေသည်။ “ဒီမှာကွယ်၊ ထားမေပျိုရယ်၊ ကိုရဲနဲ့ ယှဉ်ကာ ယှဉ်ကာ ဖိုးဝရုပ် က မယ်၊ လာကွယ် ကြည့်စမ်းမေရယ် ဒီတောင်ရှည် ပုဆိုးကြီးက ရှုပ်လှတယ်” ဟူသော သီချင်းဖြစ်သည်။
ကျွန်တော့် သီချင်းစာရွက်ကို ကိုင်မကြည့်သေး။ ဒီတင် ကျွန်တော်လည်း ဝတ်္ထုတွေထဲ၊ ရုပ်ရှင်တွေထဲက ဇာတ်လိုက် အနုပညာသမားတွေလို ခေါင်းထောင်သွားပြီး““ကျွန်တော်က သူများသီချင်းထဲ စာမြှောင်ကပ်တဲ့ ကြွက်ပျင်း အလုပ် မလုပ်ပါဘူး။ ဒါက ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား ”လို့ ခပ်ကြွားကြွား ခပ်မာမာ ပြောလိုက်သည်။ ထိုအခါ ဥက်္ကဋ္ဌက“ဒါဆိုရင် မောင်ရင့်သီချင်းကို သင်္ကေတ နုတ်(စ်)နဲ့ ရေးယူခဲ့။ နုတ်(စ်)က ပတ်ကားနုတ်(စ်)နော်၊ ဝမ်းတူးသရီးဖိုး နုတ်(စ်)နဲ့ မရဘူး”လို့ ပြန်ပြောသည်။ ဆိုလိုတာက ပဲတီပင်ပေါက် နုတ်(စ်)လို့ခေါ်တဲ့ ပတ်ကားနုတ်(စ်)နဲ့ ရေးခဲ့ပါလို့ ပြောတာ။ ကျွန်တော့် အရည်အချင်းနဲ့ ဒါဆိုရင် မဖြစ်နိုင်ဘူးဆိုပြီး ကျပ်လိုက်တာ…။ အဲ့လို….
ဟုတ်တယ်။ ကျွန်တော့်လို ဘာမှမဟုတ်တဲ့၊ ဝါလက်ခုပ်တောင် စည်းဝါးမှန်အောင် မတီးတတ်၊ လေတောင် ဖြောင့်အောင် မချွန်တတ်တဲ့၊ ငမျောက်ငခြောက်နဲ့ အင်တာနေရှင်နယ် ပတ်ကားနုတ်နဲ့ လားလားမှ မအပ်စပ်နိုင်ဘူးပေါ့။ သွားပေရော…၊ ထမင်းထုပ်ကြီးနဲ့ သိုးအောင် ရှာပေရော…။ ပြန်ပေတော့ မစဉ်းစားနဲ့ပေါ့လေ…။ ကျွန်တော်ကလည်း ရွေးကောက်ပွဲမှာ အလဲအကွဲ ရှုံးပြီးကတည်းက အစွမ်းအစ ပြချင်နေတော့ လူမတတ်လည်း လက်ဖက်ထုပ်တော့ တတ်တယ်ဆိုတာ ဒိုင်လျှိုထားတာလေ။ ကျွန်တော်နဲ့ တစ်အိမ်တည်း အတူနေ ယောက်ဖက မန်္တလေး နုယဉ်တူရိယာအဖွဲ့က ထရန်ပက်သမား ဖြစ်သည်။ လက်ဟောင်း မန်္တလေး တူရိယာသမား မှန်သမျှ ပဲတီပင်ပေါက် နုတ်ကို စနစ်တကျတတ်ခဲ့ ကြပြီးသား။ ဒီတော့ ယောက်ဖကို ကျွန်တော်က သီချင်းကို အသံထွက် ဆိုပြသည်။ တစ်လုံးချင်း၊ တစ်ကြောင်းချင်း အလိုက် ယောက်ဖက ပတ်ကားနုတ်(စ်)နှင့် ရေးပေးသည်။ စကိုးလ် သာမက၊ အသံဖွဲ့စည်းမှု (အရိန်းမင့်)အတွက်ပါ နုတ်(စ်)နဲ့ ရေးပေးလိုက်သည်။ ကျွန်တော်လည်း သီချင်းစာသားရယ်၊ နုတ်စ်စာရွက်တွေရယ် ယူပြီး ကျောင်းသု့ိ သွားကာ ဥက္ကဋ္ဌဆီ ပြန်ပို့လိုက်သည်။ ဒါပါပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော် ကျောင်းမတက်တော့ပါ။ ကျောက်သွေးတန်း ရွှေမောင်းတိုက်က သူငယ်ချင်းအိမ်မှာပဲ အပေါင်းအသင်းများနှင့် လက်ဖက်ရည်သောက်လိုက်၊ အိပ်လိုက် လိုက် လုပ်နေကြပါတော့သည်။
ဆူးငှက်
