မေ ၂၊ ၂၀၂၆
Shy V( VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ပေမယ့် တအိမ်တယောက် စစ်မှု မထမ်းမနေရ စနစ်အပြင် တပ်ကနေ ပြေးသွားသူတွေရှိရင် တပ်ပြေးတွေရဲ့ မိသားစုဝင်တွေကို အစားထိုးဖို့ MNDAA ဘက်က ဖိအားပေး ခံရနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လောလောဆယ် ဒေသခံတွေ လွန်ဆန်လို့ မရဘူးလေ။ သူတို့ (MNDAA)လက်ထဲ လုပ်ပိုင်ခွင့် လိုမျိုး ဖြစ်နေတာ။ လက်ရှိ လားရှိုး နယ်ဖက်မှာပါ စစ်မှုထမ်းခေါ်ဖို့ အစီစဉ် ဆွဲနေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဝ လူမျိုးတွေအပြင် ပလောင်၊ ကချင်၊ ရှမ်း လူမျိုးတွေလည်းတွေ တအိမ်တယောက် စစ်သားစုဆောင်းခံရတဲ့အပြင် တပ်ပြေးပြေးပါက မိသားစုဝင်တွေထဲက တယောက်ယောက် အစားထိုးရတာ များတယ်လို့ သူက ပြောပါတယ်။
တပ်ပြေးသူတွေကို MNDAA ဘက်က ဖမ်းမိရင် ရိုက်နှက်တာ၊ အချုပ်ချတာတွေရှိတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဒေသခံတွေ အနေနဲ့တော့ ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုးနေသလိုခံစားရပါတယ်။” လို့ သူက ပြောပါတယ်။
သိန္နီမြို့တွင်းမှာတော့ အသက်ပြည့်သူတွေကိုတော့ စစ်မှုထမ်းခိုင်းတာရှိ ပေမယ့် အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အစားထိုးခိုင်းတာတော့ မတွေ့မိဘူးလို့ သူက ပြောပါတယ်။
အခုနောက်ပိုင်း MNDAA ထိန်းချုပ်နယ်မြေမှာ စစ်သားသစ် စုဆောင်းတဲ့ ပုံစံ တခု ထပ်တိုးလာတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
“အခုနောက်ပိုင်းက MNDAA တပ်ဖွဲ့က ဆီးစစ်တယ်။ ဆီးမအောင်ရင် တခါထဲ ခေါ်သွားတယ်။ ဆီးမအောင်ရင် မိသားစုတွေ လိုက်မလာနဲ့လို့ပြောတယ်။ မိသားစုမှာ MNDAA စစ်မှုထမ်းရှိလည်း ဘာမှ ပြောလို့မရဘူး။ တနေ့ တနေ့ မဖမ်းမိတဲ့ နေ့ မရှိဘူး” လို့ သူက ရှင်းပြပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲ သူတွေကို မူးယစ်ဆေးဝါး ဖြတ် ပေးပြီး စစ်သင်တန်းပေး၊ စစ်သား ပြန်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်ေမြာက်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ MNDAA, AA, TNLA, KIA, UWSA, SSPP/SSA တို့ သွားလာ လှုပ်ရှားတဲ့ နေရာ ဖြစ်ပါတယ်။
Photo Crd# The kokang
#voiceofmyanmar #VOM #MNDAA #တပ်ပြေးတွေ #မိသားစုတွေဖိအားပေးခံရ
