မိုးရွာသွန်းမှုများလို့ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်လမ်းပျက်ပြီး ကားတွေသွားမရ

မေ ၊ ၂၈ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်တိုင်း ၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ မုံရွာ – တန့်ဆည် – ကလေးဝမဟာမြိုင်ကားလမ်းဘက်မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး တောင်ပေါ် မြေသားလမ်းပိုင်းနေရာတွေမှာ ဗွက်တန်းကြီးတွေ ဖြစ်နေတာကြောင့် ကားတွေသွားလာလို့ မရဘူးလို့ ကားသမားတွေဆီက သိရပါတယ်။

” မဟာမြိုင်ထဲမှာ မိုးများတာကြောင့်
မြေသားလမ်းတွေပျက်စီးပြီး ဗွက်တန်းကြီးတွေဖြစ်နေတယ် ၊ အဲ့ဒီ ဗွက်တန်းနေရာတွေကတော့ ၊ တောဂျင်နဲ့ တောင်ကျောင်းကြား ၃၇ မိုင် နေရာ ၊ နောက်ပြီး ၊ ၅၆ မိုင် တောင်ပေါ်မှာလည်း မြေပြိုပြီး မြေသားရွှံ့ဗွက်တွေကြောင့် ကားတွေ မတက်နိုင်ဘဲ ပိတ်မိနေတယ် ၊ အဲ့ဒီအပြင် ပျဥ်းကိုင်းရွာနဲ့ ကလေးဝကြားက ချောင်းတွေအားလုံး ရေကျော်နေတယ် ၊ ကားသွားလို့မရဘူး ၊ မဟာမြိုင်ထဲမှာ ကားဗွက်နစ်ရင်း ထွန်စက် ၃ စီးနဲ့ ဆွဲထုတ်ရတယ် ၊ ၁၂ ဘီးကား တစီးကို ဆွဲထုတ်ခ ၁ သိန်း ၂ သောင်းပေးရတယ် “လို့ မဟာမြိုင်ထဲရောက်နေတဲ့ ကားသမား တယောက်က ပြောပါတယ်။
အဲ့ဒီကားလမ်းဟာ မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြီးဖြစ်သလို ချင်းတွင်းမြစ် အထက်ပိုင်းမှာရှိတဲ့ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့ မြို့တွေဆီ ကုန်သွယ်ရေး လမ်းဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မနက်ပိုင်းကစလို့ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်လမ်းမှာရှိတဲ့ ကံထူးမ နယ်မြေရဲစခန်းမှာ တိုက်ပွဲဖြစ်တာကြောင့် ၁၅ ရက်ကြာ လမ်းပိတ်ခံရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံးနေရာတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်လမ်းပိတ်တာ ရက်ပေါင်း ၂၀ ကြာ ခဲ့ပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၁၆ ရက်ကစပြီး နှစ်လကြာတဲ့အထိ မဟာမြိုင်တောထဲမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် လမ်းပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် မန္တလေး ၊ မုံရွာဘက်က ကားတွေ မဟာမြိုင်လမ်းကို သွားလာမယ်ဆိုရင် လမ်းအခြေအနေကို မေးမြန်းဆက်သွယ်ပြီးမှ သွားလာကြဖို့ကိုလည်း မဟာမြိုင်ထဲမှာ ရောက်နေတဲ့ ကားသမားတွေက တိုက်တွန်း အကြံပြုထားပါသေးတယ်။
Photo Crd – မဟာမြိုင်ရောက် ကားသမားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW